Tuesday, May 27, 2014

မော်လမြိုင်မြို့ရှိ ဘာသာရေး အဆောက်အအုံများကို လူငယ်များ လေ့လာ

Tuesday, May 27, 2014
ဘာသာရေးနှင့် လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများ မွန်ပြည်နယ် အတွင်း ဖြစ်ပွားမှု မရှိစေရေးအတွက် ဘာသာမတူသည့် လူငယ်များအဖွဲ့ (Interfaith Youth Tour Mawlamyine) သည် မေလ ၂၄ ရက်နေ့က မော်လမြိုင်မြို့ရှိ ဘာသာရေး အဆောက်အအုံများကို လေ့လာခဲ့ကြောင်း ပီတိအပြုံး ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးမျိုးဝင်းက ပြောကြားသည်။

ဘာသာမတူသည့် လူငယ်များကြား ယုံကြည်မှု တည်ဆောက်နိုင်ပြီး ရင်းနှီးမှု ရှိစေရန်နှင့် ၎င်းတို့ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင်တတ်စေရန် ရည်ရွယ်၍ လေ့လာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အသက် ၂၅ နှစ်အောက် လူငယ် ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ယင်းအဖွဲ့သည် စစ်ကဲကုန်း ရပ်ကွက်ရှိ ရှီရီဆသ်ယနာရားယန်း ဟိန္ဒူဘုရားကျောင်း၊ ဈေးကြိုရပ်ကွက်ရှိ ဈေးကြို အစ္စလာမ်ဗလီ၊ မရမ်းကုန်း ရပ်ကွက်ရှိ မွန်မြတ်သော အိမ်ထောင်စု ခရစ်ယာန် ဘုရာရှိခိုးကျောင်းနှင့် မော်လမြိုင် နောင်ရိုးတန်းရှိ ရွှေမန်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို လေ့လာခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ဘာသာရေး အဆောက်အအုံများအတွင်း လွတ်လပ်စွာ ဝင်ရောက်လေ့လာခွင့် ပြုထားခြင်းသည် ကိုးကွယ်ယုံကြည်မှု မတူညီသည့် ဘာသာခြားများကြား ယုံကြည်မှု ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဘာသာရေး အဆောက်အအုံများကို လေ့လာခဲ့ကြသည့် လူငယ်များက ပြောကြားသည်။

“ဘာသာရေး အဆောက်အအုံတွေ ရောက်တော့မှ ကျွန်တော်တို့အရင်က သိထားတာတွေနဲ့ ကွဲလွဲနေတယ် ဆိုတာ သိရတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကိုးကွယ်ယုံကြည်မှု မတူနိုင်ပေမယ့် ယုံကြည်မှုနဲ့ တည်ဆောက်လို့ ရပါတယ်” ဟု မွန်ခရစ်ယာန် ဘာသာဝင် ဦးအောင်သီဟအောင်က ပြောဆိုသည်။

ဘာသာမတူ လူငယ်ကြား ယုံကြည်မှု ရှိစေရေးအတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့တို့တွင် တစ်ကြိမ်စီ လေ့လာခဲ့ပြီး ဖြစ်ရာ ယင်းမြို့များသို့ ၂၀၁၄ ခုနှစ်အတွင်း ဘာသာရေး အဆောက်အအုံများကို နှစ်ကြိမ်စီ လေ့လာရန် စီစဉ်ထားကြောင်း ပီတိအပြုံး ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာက ပြောဆိုသည်။

The Voice Weekly

No comments: