နေပြည်တော်၊ မေ -၂၂
ကလေးသူငယ်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေးထားမှုများနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး များကို မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက သိရှိ၍ ကလေးသူငယ် များအတွက် အကျိုးရှိစွာ အသုံးချနိုင်စေရေးကိုရည်ရွယ်၍ နေပြည်တော် ပျဉ်းမနားမြို့နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ အစည်းအဝေးကို မေ(၂၂)ရက် နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြို့နိုင် က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာစိန်က ကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြား သည်။
ထိုရနောက် UNICEF မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရာရှိ ဒေါ်သီတာစိမ်းက ကလေး သူငယ်များ အပေါ် မလျော်မကန်ပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် အန္တရာယ်ကျရောက်စေနိုင်သည့် အခြေအနေ များကို ကော်မတီအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကာကွယ် စောင့်ရှောက်ပေး သွားကြပြီး ရပ်ကွက်/ကျေးရွာများအတွင်း မလျော်မကန်ပြုမူမှု၊ ခေါင်းပုံဖြတ်မှု နှင့် လူကုန်ကူးမှုများ မဖြစ်ပွားစေရေး အတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက် သွားနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာများ အတွင်း အန္တရာယ် ကျရောက်နိုင်သည့် ကလေးသူငယ်များ ရှိ/မရှိ စိစစ်၍ ကြီးကြပ်ဆောင်ရွက်ပေး သွားကြရန်၊ ကလေး သူငယ်များအပေါ် မလျော်မကန်ပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံ ဖြတ်ခြင်း ကိစ္စရပ်များဖြစ်ပွားလာပါက ထိရောက်စွာ ဟန့်တားအရေးယူနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ပျဉ်းမနားမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများပါဝင်သည့် အဖွဲ့ဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။
MOI

No comments:
Post a Comment