Sunday, May 04, 2014
မွန်ပြည်နယ်အတွင်း လာရောက် လည်ပတ်သည့် ပြည်ပခရီးသွားများထဲတွင် ထိုင်းနိုင်ငံသားများ အများဆုံး ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ထိုင်းနိုင်ငံသားများသည် ကျိုက်ထီးရိုးနှင့် မုဒုံမြို့နယ်အတွင်း တည်ရှိသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရား ဆရာတော်ထံသို့ အဓိကထား လာရောက် လည်ပတ်ကြခြင်း ဖြစ်သည်။
“သူတို့က အဓိက ကျိုက်ထီးရိုး သွားတယ်။ ပြီးတော့ ဝင်းစိန်တောရ ဆရာတော်ထံ သွားကြတယ်။ နောက်ပြီးတော့ စိတ်ဝင်စားတဲ့ တခြားနေရာတွေလည်း သွားကြပါတယ်” ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးစိုးပိုင်က ပြောသည်။

ထိုင်းနိုင်ငံသားများသည် ရန်ကုန်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မွန်ပြည်နယ်သို့ လာရောက်ကြပြီး နယ်စပ်လမ်းများ ဖြစ်သည့် မဲဆောက်-မြဝတီ၊ ထားဝယ်-ထီးခီးနယ်စပ်လမ်း၊ မောတောင်၊ ကော့သောင်း လမ်းတို့မှလည်း ဝင်ရောက် လာကြသည်ဟု ဆိုသည်။
မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံသို့ တိုက်ရိုက် ဆက်သွယ်ထားသည့် ဖောက်လုပ်ဆဲ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်း ပြီးသွားသည့်အခါ ထိုင်းနိုင်ငံသားများ လက်ရှိထက် ပိုမိုဝင်ရောက်လာမည်ဟု ဦးစိုးပိုင်က ပြောသည်။
မွန်ပြည်နယ်အတွင်း နိုင်ငံခြားသား ဝင်ရောက်လာမှု များပြားလာသည်နှင့် အမျှ ဒေသတွင်း သဘာဝအလှများကို ဖော်ထုတ်လျက် ရှိကာ လက်ရှိ တူးဖော်ထားသည့် သုဝဏ္ဏဘူမိ မြို့ဟောင်းနေရာကိုလည်း ရှေးဟောင်းယဉ်ကျေးမှု ဇုန်အဖြစ် သတ်မှတ်ရန် ရှိကြောင်း မွန်ပြည်နယ် စီမံ၊စီးပွားဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
မွန်ပြည်နယ်အတွင်းသို့ နိုင်ငံပေါင်း ၅၂ နိုင်ငံခန့်မှ နိုင်ငံသားများ လာရောက် လည်ပတ်လျက် ရှိနေပြီး ကမ္ဘောဒီယား၊ ထိုင်း၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီ၊ အမေရိကန်၊ သြစတြေးလျ စသည့် နိုင်ငံတို့မှ အများဆုံး ပါဝင်သည်။
၂၀၁၂ ခုနှစ်က မွန်ပြည်နယ်အတွင်း လာရောက် လည်ပတ်သူ ဦးရေ ၆၆,၇၈၈ ဦးရှိပြီး ၂၀၁၃ ခုနှစ်တွင် လာရောက် လည်ပတ်သူ ခရီးသွားဦးရေ ၁၁၃,၁၅၃ ဦးရှိကာ ၎င်းတို့ထဲမှ ထိုင်းနိုင်ငံသားများ အများဆုံး ဖြစ်သည်။
(Dawei Watch)
No comments:
Post a Comment