Sunday, May 04, 2014

ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကချင်လူငယ် လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်း

Sunday, May 04, 2014

ကချင်ပြည်နယ်အတွင်း ပရဟိတလုပ်ငန်းများနှင့် လူမှုအကူအညီ လိုအပ်နေသော ဒေသများသို့ အကူအညီပေးနိုင်ရေးအတွက် ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံမှ ကချင်လူငယ်များ ပါဝင်သည့် ကချင်လူငယ် လူမှုကူညီရေးအဖွဲ့ (Zai Wunpawng Garum Kahtau Ramma Hpung) ကို မေလ ၃ ရက်နေ့က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် အဖွဲ့ဝင်ဦးရေ ၃၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ကိုယိန်းဘောမ်က ပြောသည်။

ကချင်လူငယ်များ အနေနှင့် ပြည်နယ်တွင်း ပရဟိတလုပ်ငန်းများကို စည်းစည်းလုံးလုံးနှင့် အချိတ်ဆက်မိမိ ဆောင်ရွက်နိုင်ရန်အတွက် ကချင်လူငယ် လူမှုကူညီရေးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ပြီး အဖွဲ့အနေနှင့် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တတ်နိုင်သည့် ပမာဏဖြင့် ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့ပေးခြင်းသာမက မူးယစ်ဆေး စွဲနေသည့် ကချင်လူငယ်များကို ပညာပေး စည်းရုံးခြင်းနှင့် ယင်းတို့အတွက် အလုပ်အကိုင်များ ရှာဖွေပေးခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ယိန်းဘောမ်က ရှင်းပြသည်။

“ဒီအဖွဲ့လေးက အရင်က Zai Wunpawng ဘောလုံး ကလပ်အဖြစ် ရှိနေတာ။ အဲဒီကနေ ရည်ရွယ်ချက်တူတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ဒီအဖွဲ့လေး ဖြစ်လာတာပါ။ လတ်တလောမှာ ကချင်လူမျိုးတွေက အားနည်းနေတော့ ကချင်ကို ဦးစားပေး လုပ်ဖြစ်မယ် ဆိုပေမယ့် အဖွဲ့အစည်း ခိုင်မာလာတာနဲ့အမျှ လူမျိုးမရွေး ပရဟိတလုပ်ငန်း ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ လောလောဆယ်တော့ တစ်လတစ်ကြိမ် မိဘမဲ့ဂေဟာတွေကို သွားရောက် ကူညီသွားမယ်” ဟု ၎င်းကပြောသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ကချင်လူငယ် လူမှုကူညီရေးအဖွဲ့ အနေဖြင့် ပရဟိတ လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပြီး ကချင်ပြည်နယ်အရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပြုလုပ်သည့် အဖွဲ့အစည်းများက ဖိတ်ခေါ်ပါက ပါဝင်လှုပ်ရှားသွားမည် ဖြစ်ကြောင်း ကချင်လူငယ် လူမှုကူညီရေးအဖွဲ့မှ ဆက်လက်သိရှိရသည်။

The Voice Weekly

No comments: