Sunday, May 18, 2014

လာအိုလေယာဉ်ပျက်ကျမှုကြောင့် လာအိုကာကွယ်ရေးဝန်ကြီး နှင့် အခြားထိပ်တန်းအရာရှိများသေဆုံး

18-5-2014
လာအိုစစ်ဘက်လေယာဉ်တစ်စီး မေလ ၁၇ရက်က ပျက်ကျခဲ့ရာ ထိုလေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သော လာအို ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းအရာရှိ ၅ ဦး နှင့်
အခြားခရီးသည်များ သေဆုံးသွားခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။
၎င်းတို့သည် လာအိုနိုင်ငံ အရှေ့မြောက်ပိုင်း Xiangkhouang ပြည်နယ်တွင် ကျင်းပမည့် အခမ်းအနား တစ်ခုသို့ သွားရောက်ခြင်းဖြစ်သည်ဟု ယူဆရပြီး ပျက်ကျသည့် လေယာဉ်သည် ယူကရိန်းနိုင်ငံ Antonov ကုမ္ပဏီမှ ထုတ်လုပ်သည့် လေတပ် ဂျက်လေယာဉ် တစ်စီး ဖြစ်သည်ဟု ဆိုသည်။
လေယာဉ်ပျက်ကျသောကြောင့် သေဆုံးသွားခဲ့သူများထဲတွင် လာအို ကာကွယ်ရေးဝန်ကြီး Douangchay Phichit အပြင်၊ အခြား ထိပ်တန်းအရာရှိ လေးဦးတို့လည်းပါဝင်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး Nipat Thonglek က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျသဖြင့် လာအိုထိပ်တန်း အရာရှိများ လည်း သေဆုံးသွားခဲ့ကြောင်းကို လာအို ထိပ်တန်းစစ်ဘက်အရာရှိ တစ်ဦးက သူ့အား အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Nipat Thonglek က ပြောကြားခဲ့သည်။ လာအို ကာကွယ်ရေးဝန်ကြီး၏ ဈာပနကို ထိုင်းနိုင်ငံကိုယ်စား သူတက်ရောက်မည်ဟုလည်း Nipat Thonglek က ပြောခဲ့သည်။
လေယာဉ်ပေါ်တွင် ဗီယင်ကျန်း အုပ်ချုပ်ရေးမှူး နှင့် အခြား ထိပ်တန်း အရာရှိကြီးများ အပါအဝင် လူ ၂၀ ဦးခန့် လိုက်ပါသွားခဲ့ကြောင်း ဘန်ကောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
လေယာဉ်ပျက်ကျခဲ့ကြောင်း လာအို အစိုးရပိုင် သတင်းဌာနဖြစ်သည့် KPL က အတည်ပြုခဲ့ပြီး၊ အာဏာပိုင်များအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်ဖွယ် ရှိသူများကို ကယ်ဆယ်ရန် ကြိုးစားခဲ့ကြသည်ဟု
သတင်းထုတ်ပြန်ခဲ့သည်။
ပျက်ကျသွားခဲ့သော လေယာဉ်မှာ လာအိုလေတပ်၏ Antonov AN-74TK-300 အမျိုးအစားလေယာဉ်ဖြစ်ကြောင်း လာအို အစိုးရပိုင် သတင်းဌာနက ဆိုခဲ့သော်လည်း၊ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သော ခရီးသည်စာရင်းနှင့် အသေအပျောက်စာရင်းတို့နှင့် ပတ်သတ်၍ အသေးစိတ် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

Myanmar Internet News

No comments: