အမျိုးသားလူငယ်စင်တာ ဖွင့်လှစ်မည့်ရက်ကို
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူငယ်ကိုယ်စားလှယ်များနှင့် လူငယ်အဖွဲ့အစည်း
ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးပွဲအပြီးတွင် ဆုံးဖြတ်မည်ဖြစ်သည်ဟု အဆိုပါ ဆွေးနွေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ ကိုသတ်ဆွေဝင်းကပြောသည်။

လူငယ်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ
လူငယ်ကိုယ်စားလှယ်များသည် လူငယ်စင်တာ ဖွင့်လှစ်မည့်ရက် သတ်မှတ်ရန်
နှင့် စည်းကမ်းချက်များ သတ်မှတ်ရန် အစည်းအဝေးကို အင်းစိန်မြို့နယ် တိ၊ မွေး၊ ကု တက္ကသိုလ်ဝင်း၌ မေလ ၂၂ရက် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ
ပြုလုပ်မည်ဖြစ်သည်။
အမျိုးသားလူငယ်စင်တာကို အစိုးရမှ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လူငယ်စင်တာလှုပ်ရှားဆောင်ရွက်ရန်ကို လူငယ်များမှ ဦးဆောင်မည်ဖြစ်သည်။
အမျိုးသားလူငယ်စင်တာကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တိ၊မွေး၊ ကုတက္ကသိုလ် ၀င်းအတွင်း ဖွင့်လှစ်မည်ဖြစ်သည်။
“ အစိုးရက လူငယ်စင်တာကို ထောက်ပံမှုတွေတော့ ပြုလုပ်ပေးရမှာပါ။ အစိုးရ ပါဝင်စွက်ဖက်မှု အနည်းဆုံး စင်တာဖြစ်ရပါမယ်။ အခုက စင်တာကို
လူငယ်တွေကိုပဲ ဦးဆောင်ခိုင်းတဲ့သဘောပါ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေထွက်လာရင် လူငယ်ရေးရာ ၀န်ကြီးတွေကို ပြောပြပေးသွားမှာပါ။ ”
ဟုကိုသတ်ဆွေဝင်းက ပြောသည်။
ဆွေးနွေးပွဲတွင် လူငယ်စင်တာအား လှုပ်ရှားဆောင်ရွက်ရန် ပဋိညာဉ်များ၊ အခြေံမူဝါဒများ၊ အသင်းဖွဲ့စည်းမျဉ်းများ၊ အဖွဲ့အစည်းပုံစံများ စသည့်
အခြေခံအချက်အလက်များအား ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးဃ်သွေးက “အစိုးရက စင်တာကို လူငယ်တွေကို သုံးခွင့်ပေးထားပါပြီ။ စင်တာကို ဘယ်နေရာမှာသုံးမယ်။
မသုံးဘူးဆိုတာကို ဆွေးနွေးသွားမှာပါ။ စည်းကမ်းတွေကို အများသဘောဆန္ဒနဲ့ ချမှတ်သွားမှာပါ။ ”ဟုပြောသည်။
စင်တာကို သြဂုတ်လတွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားပြီး စည်းကမ်းကော်မတီ အဖွဲ့ဖွဲ့စည်းပြီးပါက စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
လူငယ်အဖွဲ့အစည်းများကိုယ်တိုင် လူငယ်များကို ဗဟိုပြုသော၊ လူငယ်ထုအတွက် အမှန်တကယ် အရေးပါ အသုံးဝင်သော မူဝါဒများအား
ချမှတ်ရေးဆွဲရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး လူငယ်ကိုယ်စားလှယ် ၁၀၀ နီးပါးတက်ရောက်မည်ဟု ခန့်မှန်းထားသည်။
အမျိုးသားလူငယ်စင်တာပေါ်ပေါက်လာပါက လူငယ်များကြားလိုအပ်ချက်၊ သတင်းအချက်အလတ်များ လူငယ်များထံ လွယ်ကူလျင်မြန်စွာ
စီးဆင်းနိုင်မည်ဖြစ်ပြီး လူငယ်အကျိုးပြု ကိစ္စရပ်များ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

No comments:
Post a Comment