Friday, May 09, 2014

၁၉၉၅ ခုနှစ်မှ ၁၉ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်ကျင်းပမည်

Friday,May 09, 2014
၁၉၉၅ ခုနှစ်မှစတင်ပြီး ၁၉ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြန်လည်ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့မှ သိရသည်။

အဆိုပါ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ကျင်းပသွားမည်ဖြစ်သည်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ၁၉၈၀ ပြည့်နှစ်မှ ငါးနှစ်ခြားတစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး နောက်ဆုံးဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို ၁၉၉၅ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။

မေ ၁၁ ရက်မှစတင်ကာ မေ ၁၃ ရက် အထိ သုံးရက်ကြာပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က ဦးဆောင်မည်ဖြစ်သည်။

ထို့ပြင် သာသနာသက္ကရာဇ် ၂၅၅၈ ခုနှစ်ကို အစွဲပြုကာပြည်နယ်နှင့် တိုင်းအသီးသီးမှ သံဃာဂိုဏ်းပေါင်းစုံ ကိုယ်စားလှယ် သံဃာအပါး ၂၅၅၈ ပါး တက်ရောက်မည်ဟု သိရသည်။

"သာသနာတော် စည်ပင်တိုးတက်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာငါးသိန်းကျော်ရဲ့ ကိုယ်စား ပြည်နယ်နှင့်တိုင်း ဂိုဏ်းပေါင်းစုံက သံဃာတော် ၂၅၅၈ ပါးက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမနက မိန့်ကြားသည်။

အဆိုပါသံဃာ့ အစည်းအဝေးတွင် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဓမ္မ၀ိနယများနှင့်အညီ ပြင်ဆင်မည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာများနှင့် အခြေခံစည်းမျဉ်းများကို ညှိနှိုင်းဆွေးနွေး သွားမည်ဟု သိရသည်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးများအဖြစ် ပထမအကြိမ်ကို ၁၉၈၀ ပြည့်နှစ်၊ ဒုတိယအကြိမ်ကို ၁၉၈၅ ခုနှစ်၊ တတိယအကြိမ်ကို ၁၉၉၀ ပြည့်နှစ်နှင့် စတုတ္ထအကြိမ် ကို ၁၉၉၅ ခုနှစ်တွင် ကျင်းပခဲ့သည်။

Eleven Media Group

No comments: