Friday,May 09, 2014
နိုင်ငံရေးအကျဉ်းသားများအား သံခြေချင်းခတ် အရေးယူခြင်းများ ပါဝင်သည့် အကျဉ်းထောင်ဥပဒေကို လာမည့်လွှတ်တော်တွင် ပြင်ဆင်နိုင်ရန် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က မေ ၇ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံအကျဉ်းထောင်များ၏ စနစ်များကို ပြောင်းလဲရန်လိုအပ်သဖြင့် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ အကျဉ်းထောင် ဥပဒေသစ်ကို ရေးဆွဲနိုင်ရေးအဆိုကို တင်သွင်းခဲ့ကြောင်း၊ ၎င်းအဆိုသည် အတည်ဖြစ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အကျဉ်းထောင်ဥပဒေကို အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့ တင်သွင်းမည်ဟု လာရောက်ဖြေကြားခဲ့ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို သံခြေချင်းခတ်ပြီး အရေးယူတာတွေကစပြီး တခြား ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေရှိတယ်။ အကျဉ်းသားတွေကို သံခြေချင်းခတ်တဲ့နေရာမှာ လက်စွဲစံနှုန်းဆိုတာ ရှိတယ်။ ဘယ်လို အကျဉ်းသားတွေကို သံခြေချင်းခတ်ရမယ်။ဘယ်လို အမှုတွေမှာ ခတ်ရမယ်။ ဘယ်လို ပုံစံမျိုး ခတ်ရမယ်ဆိုတာ သတ်မှတ်ထားတာတွေ ရှိတယ်။ အဲဒါတွေကို ခေတ်နဲ့ လျော်ညီအောင်ပြင်ဖို့ လိုတယ်။ တည်ဆဲဥပဒေတွေကို ပြန်ပြင်ဖို့လိုတယ်။ အဲဒီအတွက် အကျဉ်းထောင်ဥပဒေအသစ် ပြင်ဆင်ရေးဆွဲဖို့ အဆိုကို ဒုတိယအကြိမ်လွှတ်တော်မှာ တင်ခဲ့တယ်။ အဲဒီအဆိုအောင်ပြီး ပြည်ထဲရေးဝန်ကြီးက အကျဉ်းထောင်ဥပဒေသစ် ရေးဆွဲပြီး ပြန်တင်ပါမယ်လို့ လွှတ်တော်ကို လာရောက်ဖြေကြားခဲ့ပါတယ်။ အဲဒီဥပဒေသစ် ဘယ်တော့လာတင်မလဲလို့ စောင့်နေတာ။ အခု ဒသမအကြိမ် လွှတ်တော်ရောက်တော့မယ်။ အခုလုပ်မယ့် လွှတ်တော်မှာ အကျဉ်းထောင် ဥပဒေကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ပါမယ်။အကျဉ်းထောင်ဥပဒေသစ်ကို ပြည်ထဲရေးဝန်ကြီးဌာနက မြန်မြန်တင်သွင်းလာအောင်လည်း မေးခွန်း(သို့မဟုတ်) အဆိုတင်သွင်းသွားဖို့ ရှိပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲနေသော အကျဉ်းထောင်ဥပဒေရှိကြောင်း၊ အဆိုပါဥပဒေ လျင်မြန်စွာ လွှတ်တော်သို့ ရောက်ရှိလာရေး ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါအကျဉ်းထောင် ဥပဒေသစ် လွှတ်တော်သို့ ရောက်ရှိလာပါကလည်း ၎င်းအကျဉ်းထောင်ဥပဒေအား ဒီမိုကရေစီ စံနှုန်းများနှင့်ကိုက်ညီပြီး အများလက်ခံနိုင်သည့်အချက်များ ပါဝင်စေရန် လွှတ်တော်တွင်းမှ ကြိုးပမ်းသွားမည်ဟု ဦးသိန်းညွန့်က ဆိုသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများအား ရုံးထုတ်လာစဉ် သံခြေချင်းခတ် အရေးယူမှုများ၊ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်အတွင်း နေ့စဉ်ဖြစ်ပေါ်နေသည့် သတင်းများသိရှိနိုင်ရန် ရေဒီယိုနားထောင်ခွင့်ရရှိလိုမှုများနှင့် အခြားအကျဉ်းထောင်တွင်း ခေတ်နှင့် မလျော်ညီတော့သည့် စံနှုန်းများကို ပြုပြင်ပြောင်းလဲပေးရန် ဆန္ဒပြမှု မေ ၆ ရက်က ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။
Eleven Media Group
No comments:
Post a Comment