Monday, May 26, 2014

ဆွာရက်ဇ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့်ခေါ်ရန် ရီးယဲလ် ပြင်ဆင်နေ

Monday, May 26, 2014
လီဗာပူးလ် အသင်းအနေဖြင့် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်မှူး ဆွာရက်ဇ် အတွက် အလွန်များပြားသော ငွေကြေးဖြင့် ကမ်းလှမ်းမှုကို ကြုံတွေ့ရနိုင်ပြီး စပိန်ထိပ်သီးကလပ် ရီးယဲလ် မက်ဒရစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ကြိုးစားလာ လိမ့်မည်ဟု ဒေးလီးစတား သတင်းစာက ဖော်ပြသည်။

လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်က အန်ဖီးလ်တွင်သာ ပျော်နေသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း ထုတ်ဖော် ပြောဆို ထားသော်လည်း ကြယ်စင်စု အသင်းသို့ ပြောင်းရွှေ့ရေးအိပ်မက် အကောင်ထည်ဖော် နိုင်မည့် အခွင့်အရေးကို ရီးယဲလ်မက်ဒရစ် အသင်းက ပေးလာဖွယ် ရှိနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းက အထက်ပါ ဈေးနှုန်း အတိုင်း ကမ်းလှမ်းပါက အံ့အားသင့်မိမည် မဟုတ်ဟု လည်း ရီးယဲလ်ဥက္ကဌဟောင်း ရေမွန်ကယ်ဒါရွန်က ပြောသည်။ အသက် ၂၇ အရွယ်ရှိ တိုက်စစ်မှူးဆွာရက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဆိုသည်မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး လည်း ဖြစ်လာမည် ဖြစ်သည်။ ဆွာရက်ဇ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဂိုး ၃၁ ဂိုးရခဲ့ရာ ဂိုးသွင်းအများဆုံး စာရင်းဝင် အခြား ကစားသမားများထက် အနည်းဆုံး ၁၀ ဂိုးအသာရခဲ့ပြီး လီဗာပူးလ် အသင်းကိုလည်း ချန်ပီယံလိဂ် ၀င်ခွင့်ရရှိစေခဲ့သည်။ ၎င်း၏သွင်းဂိုးများနှင့် ပုံစံက ရီးယဲလ်နည်းပြ အန်ဆလော့တီကို သတိပြုမိစေခြင်း ဖြစ်သည်။

အီတလီလူမျိုး နည်းပြ အန်ဆလော့တီ အနေဖြင့် ပြီးခဲ့သည့်ရာသီက လိဂ်ဂိုး ၁၇ ဂိုးသာရ၍ စိတ်ပျက် နေသော ဘင်ဇီမာနေရာတွင် ဆွာရက်ဇ်ဖြင့် အစားထိုးလိုနေသည်။ ဆွာရက်ဇ်နှင့် ပတ်သက်၍ ကယ်ဒါရွန် က “လီဗာပူးလ်အသင်းနဲ့ ရာသီကောင်းတစ်ခု ကျော်ဖြတ်ခဲ့တဲ့ ဆွာရက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစား သမားတစ်ဦးဆိုတာ သံသယ ရှိစရာမလိုပါဘူး။ ရီးယဲလ် အသင်းက သူ့ကို ကမ်းလှမ်း နိုင်တာပေါ့။ ရီးယဲလ်နဲ့ ဆိုရင် အရာတိုင်းကို မျှော်လင့်လို့ ရတယ်လေ။ ဒါက အသေအချာပဲ။ ဘင်ဇီမာက ကစားသမားကောင်းပါ။ ဒါပေမယ့် လူတွေ ထင်သလောက်တော့ ဂိုးသွင်း နိုင်သူ မဟုတ်ပါဘူး” ဟု ပြောသည်။

တိုက်စစ်တွင် ဆွာရက်ဇ်၊ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့ သုံးဦးတွဲက စပိန်တွင်သာမက ဥရောပ အဆင့်တွင်ပါ ကြောက်စရာအကောင်းဆုံး တိုက်စစ် အတွဲအဖက် ဖြစ်လာနိုင်ပြီး ရီးယဲလ်အသင်းမှာ နွေရာသီ အတွင်း ဆွာရက်ဇ်ကိုခေါ်ရန် နည်းလမ်းပေါင်းစုံရှာဖွေနေသည်။ လက်ရှိ ပြောင်းရွှေ့ကြေး အမြင့်ဆုံး စံချိန်တင်ထားသူမှာ ဂါရတ်ဘေးလ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် စပါးအသင်းထံမှ ပေါင် ၈၆ သန်းဖြင့် ရီးယဲလ်အသင်း က ခေါ်ယူထားခြင်းဖြစ်သည်။

DVB

No comments: