Thursday, May 15, 2014

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန်နှစ်သိန်း ဂျပန်နှစ်စဉ်ဝယ်ယူမည်

15-5-2014

 မြန်မာနိုင်ငံထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဂျပန်နိုင်ငံက နှစ်စဉ်တန်ချိန် နှစ်သိန်းခန့်အထိ တိုးမြှင့်ဝယ်ယူ တင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံ လက်ကားဈေး ကွက်ဥက္ကဋ္ဌနှင့် Kyoka Hokuhin ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာခါရဟိကိုခါဂါဝါဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၊ စီးပွား/ကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် တို့နှင့် မေလ ၁၂ ရက်တွင် လာရောက်ဆွေးနွေးခဲ့ကြောင်း လယ်/ဆည်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
‘‘ဂျပန်က နှစ်စဉ်တန်ချိန် နှစ်သိန်းအထိ တင်သွင်းချင်နေတာ။ အဲဒီအတွက် အဆင့်အလိုက်တင်ပို့ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပထမအဆင့်မှာ ငါးထောင်၊ ဒုတိယ အဆင့်မှာ နှစ်သောင်း၊ တတိယအဆင့်မှာ နှစ်သိန်းအထိ အဆင့်အလိုက်တင်သွင်းဖို့ ကမ်းလှမ်းခဲ့တယ်’’ဟု လယ်/ဆည်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ဂျပန်နိုင်ငံသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နိုင်ငံတကာမှ  နှစ်စဉ် တန်ချိန် လေးသိန်းခုနစ်သောင်း ဝယ်ယူ တင်သွင်းနေရပြီး မြန်မာနိုင်ငံမှ ၂၀၁၄ ခုနှစ်အတွက် ပထမ အဆင့် တန်ချိန် ငါးထောင်၊ ဒုတိယအဆင့်တွင်တန်ချိန်နှစ်သောင်း၊ တတိယအဆင့်တွင် တန်ချိန်နှစ်သိန်းအထိ တင်သွင်းရန် ကမ်းလှမ်းလာခြင်းဖြစ်သည်။
ထိုကဲ့သို့ တင်သွင်းရန်အတွက် အအေးခန်းနှင့် အခြောက်ခံစက် အပါအဝင် အဆင့်မြင့်နည်းပညာသုံး ထုပ်ပိုးစက်များကို နေပြည်တော်ကောင်စစ်နယ်မြေတွင် တန်ချိန်ငါးထောင် ကိုင်တွယ်နိုင်သော စက်ရုံတစ်ရုံနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့အနီးတွင် စက်ရုံတစ်ရုံတို့ကို တည်ဆောက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။
ဂျပန်ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီဆောင်ရွက်နိုင်ရန် ယခုခရီးစဉ် အပါအဝင် ငါးကြိမ်တိုင်တိုင် လာရောက်လေ့လာစူးစမ်းပြီးမှ ယခုကဲ့သို့ ဆွေးနွေးကမ်းလှမ်းခြင်းဖြစ်ကြောင်း မစ္စတာခါဂါဝါကပြောသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များတင်သွင်းရန် ကနဦးလုပ်ဆောင်ချက်အဖြစ် ဂျပန်မူရင်းမျိုးများ ဖြစ်သော ပိန်းဥ၊ ကန်စွန်းဥနှင့်စပါး မျိုးများကို ကြိုတင်ပေးပို့ကာ စမ်းသပ်စိုက်ပျိုးစေခဲ့သည်။ လက်ရှိ အခြေအနေတွင် အရည်အသွေး စံချိန်မီရန်နှင့် လိုအပ်သော အရေအတွက်ပမာဏပြည့်မီရန် အချိန်မီဆောင်ရွက်ပေးမည်ဟု ဦးမြင့်လှိုင်က ပြောကြားသည်။

No comments: