Wednesday,May 7, 2014
အကျဉ်းသားများကို တရားရုံးထုတ်စဉ် သံခြေချင်း ခတ်ခြင်းကို ကန့်ကွက်ကြောင်းကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုးဦးက မေလ ၆ ရက်နေ့ နေ့လယ်ပိုင်းက သရုပ်ဖော် ဆန္ဒပြခဲ့ကြသည်။
တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းအချိန်တွင် အဆိုပါ ပုဂ္ဂိုလ်များက သံခြေချင်း (အတု) များ ဝတ်ဆင်ကာ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။
တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းအချိန်တွင် အဆိုပါ ပုဂ္ဂိုလ်များက သံခြေချင်း (အတု) များ ဝတ်ဆင်ကာ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။
ဦးဝင်းချိုသည် လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ ဖယောင်းတိုင် မီးထွန်းကာ ဆန္ဒထုတ်ဖော်မှုဖြင့် မတ်လ ၂၆ ရက်နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့်အတူ ဖမ်းဆီးခံရကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။
“အကျဉ်းသားကို အဲဒီလို သံခြေချင်း ခတ်တာဟာ သူ့ရဲ့ဂုဏ်သိက္ခာကို လူပုံအလယ်မှာ အရှက်ခွဲချိုးနှိမ် သလိုပါပဲ။ ပြီးတော့ နောက်ထပ်နိုင်ငံရေး တက်ကြွ လှုပ်ရှားချင်တဲ့ မျိုးဆက်သစ်တွေကို မလုပ်ရဲအောင် ကြောက်လန့် သွားအောင် လုပ်ရာရောက် စေနိုင်ပါတယ်” ဟု ကိုယ်တိုင် ပါဝင်ခဲ့သူ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဦးဝေဠုက ပြောကြားသည်။
ယင်းသို့ ချုပ်နှောင်မှုကို ပြည်သူ့ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ဆွေးနွေး ဆောင်ရွက်ပေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်ရှိတည်ဆဲ ဥပဒေများက လွှမ်းမိုး ကျော်လွန်မှုများ ရှိနေကြောင်း၊ ယင်းဥပဒေများကို ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုသည့် စာသားပါ ဆိုင်းဘုတ်များကို ဆန္ဒထုတ်ဖော်ရာတွင် ကိုင်စွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းအပြင် အကျဉ်းသားများ အနေဖြင့် သတင်းစာ၊ ဂျာနယ်နှင့် ရေဒီယို ဖတ်ရှု၊ နားထောင်ခွင့် မရရှိဘဲ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေကြောင်း၊ ၎င်းတို့ကို ယင်းအခွင့်အရေးများ ပေးရန် လက်ရှိ အင်းစိန် အကျဉ်းထောင်အတွင်း ထိန်းသိမ်း ခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတစ်ဆင့် စကားပါးသဖြင့် ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးဝေဠုက ပြောကြားသည်။
တရားခံများကို တရားရုံးသို့ ခေါ်ယူလာစဉ် သံခြေချင်း ခတ်ထားခြင်းသည် လုံခြုံရေးကြောင့် ဖြစ်ပြီး သက်ဆိုင်ရာ တရားသူကြီးများ၏ အမိန့်ဖြင့် ဆောင်ရွက်လေ့ ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် အကျဉ်းသားများကို ယင်းကဲ့သို့ ချုပ်နှောင်ခြင်း မပြုရန် ဥပဒေ ပြဋ္ဌာန်းပေးရန်မှာ မဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
“ဒီကိစ္စက ပြစ်မှုရယ်၊ အကျဉ်းသားရယ်၊ နေရာရယ်စတဲ့ အခြေအနေတွေ အပေါ်မှာ မူတည်ပါတယ်။ လုံခြုံရေး တာဝန်ယူရတဲ့ သူဘက်က ကြည့်ရင်လည်း တရားခံ ထွက်ပြေးလို့ ရဲက တရားခံ ဖြစ်သွားတာတွေလည်း ရှိတယ်လေ။ တစ်ဦးချင်း အခြေအနေအရ ခတ်တာ ဖြစ်မှာပါ။ ဒဏ်ရာတွေရတယ် ဆိုရင်တော့ တစ်မျိုးပေါ့” ဟု ၎င်းကဆိုသည်။
အကျဉ်းထောင်အတွင်း နိုင်ငံတော်အစိုးရက တရားဝင် ထုတ်ဝေခွင့် ပြုထားသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်များ ဖတ်ရှုခွင့်နှင့် ရေဒီယို နားထောင်ခွင့်ကိုမူ အကျဉ်းသားများ၏ မူလအခွင့်အရေးအရ ခွင့်ပြုပေးသင့်ကြောင်း၊ ယင်းသို့ ခွင့်ပြုခြင်းသည် အကျဉ်းသားများကို စာအုပ်စာပေဖြင့် အထိအတွေ့ ပိုရစေပြီး နိုင်ငံတော်အတွက် မည်သည့် ဆိုးကျိုးမှ မဖြစ်စေဘဲ ကောင်းကျိုးသာ ဖြစ်စေနိုင်ကြောင်း ဦဖုန်းမြင့်အောင်က ဆိုသည်။
The Voice Weekly
No comments:
Post a Comment