ခင်မောင်ညို(ဘောဂဗေဒ)
(၁)
အကြောင်းအားလျော်စွာ Political Risk နိုင်ငံရေး အန္တရာယ်တွေအကြောင်း လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ၁၉၉၆ ခုနှစ်လောက်က ဆုံဖူးပြီး အဲဒီ ဝေါဟာရကို စိတ်ထဲမှာရှိနေတယ်။ မှတ်မိတဲ့ ထူးထူးဆန်းဆန်း သုံးသပ်ချက် တစ်ခုကတော့ မြန်မာနိုင်ငံဟာ တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးအရ တည်ငြိမ်နေတယ်ဆိုတဲ့ အကဲဖြတ်ချက်ပါဘဲ။ တခြား သုံးသပ်ချက်တွေမှာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်။ စီးပွားရေးလုပ်ငန်း လုပ်မယ်ဆိုရင် အဖွဲ့အစည်းတစ်ခုနဲ့ပဲ စကားပြောရင် ပြီးတယ်ဆိုတဲ့ သဘောရေးသားကြတာကို ဖတ်ဘူးတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်ရင်ဖြစ်ဖြစ်၊ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ချိန်ဆကြည့်ရင် အဲဒီသုံးသပ်ချက်တွေ မှားယွင်းတာ တွေ့ရပြီ။
(၂)
ရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးလုပ်ငန်းရှင်တွေက နိုင်ငံရေးကို အဓိကမထား စီးပွားရေးကို အဓိကထားတယ်ဆိုပေမယ့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒုက္ခပေးနိုင်သလား၊ မပေးနိုင်သလား၊ နိုင်ငံရေး တည်ငြိမ်မှု ရှိသလား၊ မရှိသလားဆိုတာ အမြဲထည့်တွက် နေကြရတယ်။ ပြောရရင်၊ စက္ကန့်မခြား ချိန်ဆနေကြတယ်။ ထင်ရှားတဲ့ သာဓကက နိုင်ငံရေးအပြောင်းအလဲ တစ်ခုခုဖြစ်ရင် စတော့ရှယ်ယာ ဈေးနှုန်းတွေ ချက်ချင်းထိုး တက်၊ ချက်ချင်းထိုး ကျတာပါ၊ အဲဒီမှာပဲ ဘယ်လောက် စိတ်အပြောင်းမလဲ မြန်သလဲဆိုရင် ချက်ချင်းထိုးကျ ပြီး ပြန်တက်ရတာနဲ့ ချက်ချင်း ထိုးတက်သွားပြီး ပြန်ကျရတာနဲ့ အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာကြောင့် တက်ရတယ်၊ ဘာကြောင့် ကျရတယ်ဆိုတဲ့ နောက်ကွယ်က အကြောင်းအရာတွေ လေ့လာ ကြည့်ရင် ကိုယ့်နိုင်ငံက တည်ထောင်မယ့် စတော့ရှယ်ယာဈေးကွက်ကို နားလည်ဖို့ အထောက်အကူ ဖြစ် နိုင်တယ်။
ထိုင်းနိုင်ငံမှာ မေလ ၂၀ ရက်က စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အပေါ်မှာ တွက်ဆမှုတွေ၊ တုံ့ပြန်မှုတွေအမျိုးမျိုးတွေ့ရတယ်။လွယ်လွယ်ပြောရရင် စစ်အုပ်ချုပ်ရေးက အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်မှာလားလို့ တွက်ဆမှုတွေအပေါ် အခြေခံပြီး ကောက်ချက်ဆွဲကြတာပါ။ စစ်အုပ်ချုပ်ရေး ကြေညာ လိုက်တော့ ပြည်တွင်း စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာဈေး ၁ ဒသမ ၁၃ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့တယ်။ ဒါက ချက်ချင်းလက်ငင်း တုံ့ပြန်မှုပါ။ ဒါပေမဲ့ ညနေပိုင်းရောက်သွားတော့ စတော့ရှယ်ယာဈေးနှုန်း တွေ ချက်ချင်း ပြန်တက်လာခဲ့ပါတယ်။
ရှယ်ယာဈေးနှုန်း ကျဆင်းပြီဆိုရင် ၀ယ်ယူဖို့ စောင့်ဆိုင်းနေတဲ့သူတွေ အကြိုက်တွေ့သလို တက်ဈေးမှာ ရောင်းမထွက်ခဲ့တဲ့ ရှယ်ယာတွေလည်း ကျဈေးနဲ့ ရောင်းထွက် နိုင်ပါတယ်။ပြီးတော့ ပြည်တွင်းကတုံ့ပြန်ပုံနဲ့ ပြည်ပ (နိုင်ငံခြား) ရင်းနှီးမြှုပ်နှံသူတွေရဲ့ တုံ့ပြန်ပုံတွေကလည်း ကွာခြားပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေကတော့ မေလ ၂၀ ရက် တစ်ရက်ထဲမှာ ဘတ်ငွေ ၈ ဒသမ ၃၄ ဘီလီယံရှိတဲ့ ရှယ်ယာတွေ ဆွဲထုတ် သွားခဲ့ ကြပါတယ် ။စောစောပိုင်းက ဘတ်ငွေတန်ဖိုး ကျဆင်းတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုင်ထား တဲ့ ထိုင်းငွေတွေ ထုတ်ရောင်းခဲ့ ကြတာကိုး။
ဒါပေမဲ့ ဗဟိုဘဏ်က၀င်ပြီး အရေးယူ ဆောင်ရွက်မယ်လို့ မျှော်လင့်ယုံကြည်ကြတဲ့အတွက်ရယ် ပို့ကုန် သမားတွေ ရထားတဲ့ အမေရိကန်ဒေါ်လာတွေကို ထုတ်ရောင်းကြတဲ့ အတွက်ရယ်၊ ဘတ်ငွေတန်ဖိုး ပြန် တက်လာတာ တွေ့ရတယ်။ စောစောက စစ်တပ်က အာဏာသိမ်းတာလို့ ယူဆခဲ့ကြပေမယ့် နောက်ပိုင်း မှာ စစ်အုပ်ချုပ်ရေး ကြေညာတာ ဖြစ်တယ်။ တရားဥပဒေစိုးမိုးဖို့၊ လုံခြုံဖို့အတွက်သာ ဖြစ်တယ်။ တခြား အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို စွက်ဖက်မှာ မဟုတ်ဘူးဆိုတဲ့ ရှင်းလင်းချက်တွေကြောင့် စိုးရိမ်ပူပန်မှု တွေ လျော့ပါးခဲ့ကြပါပေ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ထိုင်းနိုင်ငံမှာ အများဆုံးမြှုပ်နှံထားတဲ့ ဂျပန်က စိုးရိမ်ပူ ပန်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံဘက်ကတော့ ရင်းနှီးမြှုပ်နှံမှု ဆိုတာ၊ ရေရှည် ကိစ္စဖြစ်တဲ့အတွက် ရေရှည်အမြင်နဲ့ ကြည့်ဖို့ ပြော ဆိုပါတယ်။ တချို့ နိုင်ငံများရဲ့ မူဝါဒအရ၊ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နိုင်ငံများမှာ ရင်းနှီးမြှုပ်နှံ တာကို ခွင့်မပြုတဲ့အတွက် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကာလအတွင်း ရင်းနှီးမြှုပ် နှံမှုအသစ်ချဲ့ထွင်ဖို့ ခက်ခဲ ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ရေရှည်ရင်း နှီးမြှုပ်သူတွေနဲ့ ဈေးကစားတဲ့သူတွေရယ်လို့ ခွဲခြားရမှာဖြစ်ပြီး၊လှုပ် လှုပ်ရှားရှား ရှိရင်တော့၊ ဈေးကစားတဲ့သူတွေ အကြိုက်တွေ့ကြမှာ သေချာပါတယ်။ ချက်ချင်းလက်ငင်း ထိ ခိုက်တာက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေး၊ စက်မှု လက်မှုလုပ်ငန်း တွေက စတော့ရှယ်ယာတွေရဲ့ အကျိုးအမြတ် ထိခိုက်နိုင်တယ်လို့ ယူဆတဲ့အတွက် အ၀ယ်တန့်သွားခဲ့ပါ တယ်။ အခုထိတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အခြေခံဟာ ခိုင်ခိုင်မာမာ ရှိနေဆဲပါပဲ။
(၄)
ထိုင်းတပ်မတော်က ဘက်နှစ်ဘက် ပဋိပက္ခဖြစ်တာတွေကို ထိန်းသိမ်းနိုင်ပေမယ့် နိုင်ငံရေး ပြဿနာတွေ ပြေလည်အောင်တော့ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျပ်အတည်း ရေရှည် ဖြစ်နေကြ မယ်ဆိုရင်တော့ ရေး အတော်နဲ့ ရုတ်သိမ်းနိုင်မှာ မဟုတ်ပါဘူး။ ပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းရာမှာ စာနယ်ဇင်းတွေက အမုန်းပွားအောင် ဆောင်မလှုံ့ဆော်ကြဖို့ စီစစ်တာတွေ ပါဝင်သလို လူမှုကွန်ရက်တွေ မှာပါ ဆင်ခြင်ကြဖို့ သတိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
(၅)
စီးပွားရေးဟာ နိုင်ငံရေးနဲ့ ဆက်နွယ်မှု ရှိတယ်၊ မရှိဘူး အငြင်းပွားကြပေမယ့် နိုင်ငံရေး တည်ငြိမ်မှုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အကျိုးအမြတ်တွေအပေါ်မှာ အများကြီး အထောက်အကူပြုပါ တယ်။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်မှု မရှိရင်၊ နိုင်ငံရဲ့စီးပွားရေး တိုးတက်မှု အရှိန်အဟုန်ကို သိသိသာ သာ ထိခိုက်နိုင်တယ်ဆိုတာ ထိုင်းနိုင်ငံက နမူနာပြနေတာ တွေ့ရပါတယ်။

No comments:
Post a Comment