22.5.2014
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ယနေ့ နံနက် ၉နာရီ ၁၅မိနစ်တွင် စင်ကာပူမှ ရန်ကုန်မြို့သို့ ပျံသန်း လာသော စင်ကာပူ လေကြောင်းလိုင်း Airbus A-110 လေယာဉ် အမျိုးအစား လေယာဉ် အမှတ် 9V STS သည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြေးလမ်း အဆင်းတွင် ပြေးလမ်း ချော်မှုဖြစ်ပွား ခဲ့သည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူး သုံးဦး၊ လေယာဉ်ဝန်ထမ်း ၁ဝ ဦး၊ ခရီးသည် ၂၅၂ ဦး
စုစုပေါင်း ၂၆၅ ဦး ပါရှိပြီး စင်ကာပူမှ ရန်ကုန် လေဆိပ် အရောက် လေဆိပ်
ပြေးလမ်း (၂၁)အတိုင်း ချဉ်းကပ် ဆင်းသက် လာစဉ် ပြေးလမ်းနှင့် စတင်
ထိတွေ့ပြီးနောက် ပြေးလမ်းမြောက် ဘက်ထိပ် အစပ်မှ ပေ ၂ဝဝဝ မရောက်မီ ဘေးသို့
ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက် ဘီးကျသွားခဲ့သည်။
ထို့နောက် လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိ သွားကာ
ပြေးလမ်းမြောက်ဘက် ထိပ်အစပ်မှ ပေ ၄ဝဝဝခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည်
ရောက်ရှိခဲ့သည်။
လေယာဉ်အား လေယာဉ်ဆွဲ ကားဖြင့် လေယာဉ်ရပ်နားရာ နေရာသို့ ဆိုက်ကပ်စေခဲ့ ရသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ လေယာဉ် ယာဘက် အတွင်းဘီး တစ်လုံး ပေါက်ပြီး ဝဲယာ တောင်ပံ အတွင်းပိုင်း အနည်းငယ်သာ ထိခိုက် ခဲ့ကြောင်း မျက်မြင် တွေ့ရှိရသည်။
လေယာဉ်ပြေးလမ်းအား စစ်ဆေး သန့်ရှင်းရေး လုပ်စဉ်အတွင်း နာရီဝက်ခန့် လေယာဉ် အဆင်းအတက် ထိန်းချုပ် ထားခဲ့ပြီး ပုံမှန် ခရီးစဉ်များကို ဆောင်ရွက်နိုင်ခဲ့ သည်။ စင်ကာပူ လေကြောင်းလိုင်း လေယာဉ် ဆင်းသက် ချိန်တွင် မိုးစတင် ရွာသွန်းသည်မှ လွဲ၍ လေယာဉ် ဆင်းသက်နိုင်သော ရာသီဥတု အခြေအနေ ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းက '' လေယာဉ်က လမ်းချော်ရုံလေး ဖြစ်သွား တာပါ။ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာကြောင့် ဆိုတာ ပြော လို့ မရသေးပါဘူး၊ စင်ကာပူဘက်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ရောက်လာမှ သိရပါမယ်။ ဒီကနေ စင်ကာပူကို လိုက်ပါမယ့် ခရီးသည် ၂ဝဝကိုလည်း နောက်လာမယ့် လေယာဉ်နဲ့ ချိန်းပေးမှာပါ '' ဟုပြောပြခဲ့သည်။
မြ၀တီ

No comments:
Post a Comment