Thursday, May 08, 2014

နိုင်/ကျဉ်း စိစစ်ရေးကော်မတီ၏ အစည်းအဝေးပြန်စရန် တောင်းဆို

Thursday,May 08, 2014

ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများကို နိုင်/ကျဉ်းဟု သက်သေပြရန်အချက်များစုဆောင်းထားပြီးဖြစ်၍ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ထည့်သွင်းနိုင်ရေး နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ အစည်းအဝေးပြန်လည်ကျင်းပရန် အစိုးရဘက်မှ ကော်မတီတာဝန်ရှိသူများကို အကြောင်းကြားစာ ပေးပို့တောင်းဆိုထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးရဲအောင်က ပြောသည်။

ဦးရဲအောင်က “ကျွန်တော်တို့ စိစစ် ရေးကော်မတီလက်ထဲမှာ နိုင်/ကျဉ်းလို့ သတ်မှတ်ထားတဲ့သူတွေ ကျန်နေခဲ့တယ်။ တစ်ဖက်က လွှတ်ပေးမယ့်ဘက်ကလည်း ကျန်နေတဲ့သူတွေက အခြားရာဇ၀တ်မှုတွေ နဲ့မို့ မလွှတ်နိုင်ဘူးပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က နိုင်/ကျဉ်း ဟုတ်မှန် ကြောင်း သက်သေတွေ တတ်နိုင်သလောက် ရှာထားတယ်”ဟုပြောသည်။

မေလဒုတိယပတ်အတွင်း ကော်မတီ အစည်းအဝေး စတင်နိုင်ရန်ဖြစ်ပြီး ကော်မတီတွင်ပါဝင်သည့် အစိုးရ ဘက်မှ တာဝန်ရှိသူများကို အကြောင်းကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။

ထိုကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်း သား ဦးရေ ၃၀ မှာ နိုင်ငံရေးနှင့် ဆက်စပ်သည့် ပုဒ်မများဖြင့် ဖမ်းဆီးခံ ရသော်လည်း ရာဇ၀တ်မှုပုဒ်မဖြင့် အကျဉ်းကျလျက်ရှိသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတို့ မှ နိုင်/ကျဉ်း ဟုတ်မှန်ကြောင်း အဆိုပြု ထားသူများလည်း ရှိနေသည်။ ထိုသူများမှာ သမ္မတမှလွတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်ရန် နိုင်/ကျဉ်းစိစစ်ရေးကော်မတီမှ စာရင်းပေးပို့ထားသော်လည်း လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွှတ်ပေးရာတွင် မပါရှိဘဲ ကျန်နေခဲ့သူများလည်း ဖြစ်သည်။

သမ္မတမှ နိုင်ငံတကာသက်သေများရှေ့မှောက်တွင် ကတိပေးပြောဆိုခဲ့သည့် “၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများမရှိစေရ၊ အကုန်လွှတ်ပေးမည်” ဟူ၍ ပြောဆိုအပြီးတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ် သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂၀၁၄ ခုနှစ် ၊ ဇန်န၀ါရီလ ၂ ရက်တွင် “အမျိုးသား ပြန်လည်စည်း လုံးညီညွတ်ရေးကို ရှေ့ရှုပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေဖို့ ဆောင် ရွက်ပြီးဖြစ် ကြောင်း၊ မိဘပြည်သူများကိုအသိပေးပြော ကြားလိုပါတယ်”ဟု ရေဒီယိုမိန့်ခွန်းဖြင့် ပြည်သူ များကို ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် မြန်မာနိုင်ငံတွင်း အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်း သားဦးရေ ၂,၀၀၀ ခန့်ရှိခဲ့သော်လည်း သမ်္မတအစိုးရသစ်တက် လာသည့်နောက်ပိုင်းတွင် နိုင်/ကျဉ်း ၁,၅၀၀ ခန့်ကို အသုတ်လိုက် ခွဲဝေကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်စေခဲ့သည်။ စိစစ်ရေး ကော် မတီမှ တင်သွင်းသည့် စာရင်းအရ ၁၀ ကြိမ်အထက် လွှတ်ပေးခဲ့ပြီးဖြစ်သည်။

Mizzima 

No comments: