Thursday, May 08, 2014

မြောက်ကိုရီးယားခေါင်းဆောင်က ဦးလေးဖြစ်သူကို မကွပ်မျက်ခဲ့ကြောင်း ဒန်းနစ်စ်ရော့ဒ်မန်းပြော

Thursday,May 08, 2014

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်သည် ၎င်း၏ ဦးလေးကို မကွပ်မျက်ခဲ့ကြောင်း ဘတ်စကတ် ဘော ကြယ်ပွင့်ဟောင်း ဒန်းနစ်စ်ရော့ဒ်မန်းက ပြောကြားခဲ့ပြီး စတာလင်ဝါဒကျင့်သုံးသော မြောက်ကိုရီး ယားနိုင်ငံသို့ မကြာသေးခင်က သွားရောက်ခဲ့သော ခရီးစဉ်တစ်ခုအတွင်းတွင် ကင်ဂျုံအန်၏ ဦးလေးဖြစ်သူ ကို မြင်ခဲ့ရကြောင်း ဒန်းနစ်စ်ရော့ဒ်မန်းက ဆိုခဲ့သည်ဟု မေလ ၇ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။

“မြောက်ကိုရီးယားအကြောင်းကို ဒီမှာ ဘာမဆိုလျှောက်ပြောလို့ ရပါတယ်။ လူတွေက အဲဒါကို ယုံကြပါ လိမ့်မယ်”ဟုလည်း ရော့ဒ်မန်းက ဆိုသည်။

“မြောက်ကိုရီးယားခေါင်းဆောင်ဟာ သူ့ရဲ့ချစ်သူကို သတ်ခဲ့တယ်။ သူ့ရဲ့ ဦးလေးကို သတ်ခဲ့တယ်။ ဦး လေးဖြစ်သူကို ခွေးစာကျွေး ကွပ်မျက်ခဲ့တယ်လို့ သူတို့က ပြောကြပေမဲ့ ကျွန်တော် အဲဒီကိုသွားခဲ့တဲ့ နောက်ဆုံးအခေါက်တုန်းက သူတို့ဟာ ကျွန်တော့်ရဲ့ နောက်တည့်တည့်မှာ ရပ်နေခဲ့ကြတာပါ” ဟုလည်း ဘတ်စကတ်ဘော ကြယ်ပွင့်ဟောင်း ရော့ဒ်မန်းက ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင်က ဦးလေးဖြစ်သူကို ကွပ်မျက်ခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရကိုယ် တိုင်က ရှင်းရှင်းလင်းလင်း ကြေညာခဲ့ကြောင်း ရော့ဒ်မန်းအား အင်တာဗျူးပြုလုပ်သော သတင်းထောက် က တုံ့ပြန်ထောက်ပြခဲ့သော်လည်း ထိုဦးလေး အသတ်မခံရကြောင်း ရော့ဒ်မန်းက အခိုင်အမာ ဆက် လက်ပြောဆိုခဲ့သည်။

“အဲဒီနေရာမှာ သူ ရပ်နေခဲ့တာပါ”ဟု ရော့ဒ်မန်းက ဆိုသည်။ ရော့ဒ်မန်းမှာ မြောက်ကိုရီးယားအစိုးရ၏ လိမ်လည်လှည့်ဖျားမှုကို ခံနေရပြီး မြောက်ကိုရီးယားခေါင်းဆောင် အလိုရှိသည့်အတိုင်း လိုက်ပြောနေခြင်း ဖြစ်ကြောင်း စွပ်စွဲခံထားရသည်။ ဘတ်စကတ်ဘော သရုပ်ပြပွဲတစ်ပွဲတွင် ရော့ဒ်မန်းသည် မြောက်ကိုရီး ယားခေါင်းဆောင် ကင်အတွက် မွေးနေ့ဆုတောင်းသီချင်း သီဆိုခဲ့ပြီး မြောက်ကိုရီးယားအစိုးရ၏ ဆိုးရွား လှသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများနှင့် သက်ဆိုင်သော အထောက်အထား များကိုလည်း ပယ်ချခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်သည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်ဆွေးနွေးမှု ပြုလုပ် လိုကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မိမိနိုင်ငံကို မိမိဘာသာ ကာကွယ်ရမည့် နိုင်ငံငယ် တစ်ခု ဖြစ်သောကြောင့် နျူကလီးယားလက်နက်များ ရှိရခြင်းဖြစ်ကြောင်း ကင်က သူ့အား ပြောပြခဲ့သည်ဟု ၎င်း က ဆိုသည်။

“သူဟာ အိုဘားမားနဲ့ တကယ်ကိုပြောဆို ဆွေးနွေးချင်နေတာပါ။ ဆွေးနွေးချင်တဲ့ စိတ်က ပြောမပြတတ် လောက်အောင် ပြင်းပြနေတာပါ” ဟု ရော့ဒ်မန်းက ဆိုသည်။

“ဘယ်သူ့ကိုမှ ဗုံးနဲ့ မတိုက်ခိုက်ချင်ဘူးလို့ သူက ပြောပါတယ်။ အမေရိကန်တွေကို ငါမသတ်ချင်ဘူးလို့ သူက ပြောပါတယ်။ သူဟာ အမေရိကန်တွေကို ချစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ ငယ်ရွယ်သော မြောက်ကိုရီးယား ခေါင်းဆောင်ကင်၏ ဦးလေးဖြစ်သူမှာ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်ဟု ယူဆခြင်း ခံခဲ့ရသူ ဖြစ်သည်။ သူသည် ဖမ်းဆီးခြင်းခံခဲ့ရပြီး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စစ်ဆေးစီရင်ခြင်း ခံခဲ့ရကာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ကွပ်မျက်ခံခဲ့ရကြောင်း မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန က ထုတ်ပြန်ခဲ့သည်။

Mizzima 

No comments: