Wednesday,May 7, 2014
ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသော ကြားဖြတ် ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် မေလအတွင်း ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
မေလ ၅ ရက်နေ့ ဗဟန်းမြို့နယ် NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည့် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ရွေးချယ်ရေး ကော်မတီကို ဒီလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းမှာပါ။ အဖွဲ့ဝင်တွေကို ပြင်ပ ပညာရှင်တွေနဲ့ ဗဟို ကော်မတီဝင်တွေ ပူးပေါင်းပြီး ဖွဲ့စည်းသွားမှာပါ” ဟု ၎င်းကဆိုသည်။
NLD ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် အားလုံးသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်ရက်စွဲ ထုတ်ပြန် ကြေညာပြီးမှသာ အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန် ကြေညာထားသည်။
နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ပြီး ကျင်းပမည့် အချိန်ကို သုံးလကြိုတင် ကြေညာပေးသွားမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
The Voice Weekly
No comments:
Post a Comment