Wednesday,May 7, 2014
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ပိုမိုထိရောက်စေရန် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းရေးကို အစိုးရက ထပ်မံတိုက်တွန်း လိုက်ကြောင်း ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ (DPA) ဒုတိယ ဥက္ကဋ္ဌ ဦးညီညီလွင်က ပြောကြားသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ မေလ ၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် DPA၊ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) တို့ ပထမဆုံးအကြိမ် တွေ့ဆုံရာ၌ ယင်းသို့ တိုက်တွန်းခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ရခိုင် လက်နက်ကိုင် အဖွဲ့တွေ ကြားမှာလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ပေါင်းစည်းရေး ဆွေးနွေးပွဲတွေ ဆက်တိုက် လုပ်နေတာ ရှိပါတယ်” ဟု ဦးညီညီလွင်က ဆိုသည်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းမည် ဆိုပါက လိုအပ်သော အကူအညီများကို ပေးအပ်သွားမည်ဟု သမ္မတရုံး ဝန်ကြီးလည်းဖြစ်သူ ဦးအောင်မင်းက ကတိပြုခဲ့ကြောင်း DPA နှင့် NUPA တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရာတွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ရန်အတွက် ရခိုင်အဖွဲ့အားလုံး ပူးပေါင်းရန် ဦးအောင်မင်းက အကြိမ်ကြိမ် တိုက်တွန်းထားပြီး ရခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ ပူးပေါင်းရန် အကြိုသဘောတူထားသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် တူညီသော တိုင်းရင်းသားများအကြား လက်နက်ကိုင်အဖွဲ့များ ကွဲပြားနေမှုကြောင့် ဆွေးနွေးမှု ပိုမိုကြန့်ကြာ စေသဖြင့် ရခိုင်၊ မွန်၊ ရှမ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသား တစ်ဖွဲ့ချင်းစီအဖြစ် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက အကြံပြုသည်။
အပစ်အခတ် ရပ်စဲပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် DPA နှင့် NUPA အဖွဲ့အစည်းများ ပါဝင်ရန်၊ ယင်းအဖွဲ့ဝင်များကို ရခိုင် ပြည်နယ်အတွင်း သွားလာခွင့်ပြုရန် ဦးအောင်မင်းနှင့် သဘောတူခဲ့ကြောင်း ပူးတွဲ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအဖြစ် ALP၊ AA၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ DPA နှင့် NUPA တို့မှာ သီးခြားရပ်တည်နေသော အဖွဲ့အစည်းများ ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment