Wednesday, June 11, 2014
ရန်ကုန်တိုင်း တာမွေမြို့ မဟာသန္တိသုခကျောင်းတိုက်အား ဇွန်လ ၁၀ ရက် ညတွင် ရဲများက လုံခြုံရေးအင်းအား အလုံးအရင်းဖြင့် နေရာယူ ဝင်ရောက်ပြီး၊ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော်ပရိယတ္တတက္ကသိုလ်သို့ပင့်ဆောင်သွားသည်။
ကျောင်းအတွင်းရှိ ဆရာတော်များနှင့် ကိုယ်တော်များကို ရွှေစင်စင်္ကြာကား သုံးစီး အပါအဝင် အခြားမှန်လုံကား ခြောက်စီးဖြင့် တင်ကာ ပင့်ဆောင်သွားခြင်းဖြစ်သည်။ ရှေ့ဆုံး ရွှေစင်စင်္ကြာကား ၆ဃ/၉၃၃၅ ပေါ်တွင် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်များ၊ ကိုယ်တော်များ ပါဝင်ပြီး အခြားကားအချို့တွင်မူ ကျောင်းတိုက်က မဟုတ်သည့် မည်သည့်ကျောင်းတိုက်ကမှန်း မသိသည့် ကိုယ်တော်များ ပါဝင်သည်ဟု ထိုနေရာတွင် ရောက်ရှိသည့် မဇ္ဈိမအယ်ဒီတာက ပြောသည်။
ယင်းဆရာတော်များကို တိုင်းသာသနာရေး ဦးစီးအဖွဲ့က ပင့်ဆောင်သွားခြင်းဖြစ်သည်ဟု ကျောင်းတိုက်မှ ဆရာတော်များနှင့် ဒကာ ဒကာမများက မဇ္ဈိမကို ပြောသည်။
ဖြစ်ခဲ့သည့် အခြေအနေသည် ကျောင်းတိုက်ကို ဝင်စီးသည့် အခြေအနေဟု ပြောလို့ရသည်ဟု ထိုနေရာတွင် ရောက်ရှိသည့် မဇ္ဈိမသတင်းထောက်နှင့် အယ်ဒီတာများက ဆိုသည်။
ယခုကဲ့သို့ ဖြစ်ရပ်နှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားရာတွင် ရဲအရာရှိကို မေးမြန်းရာ သာသနာရေးဦးစီးဌာနကိုသာ မေးခွန်းထုတ်ရန် ရဲမှူးကြီး သက်လွင်က ထိုနေရာတွင် သတင်းထောက်များကိုပြောသည်။
“ဆူဆူပူပူပြဿနာ မဖြစ်အောင်လုပ်တယ် ဒါဘဲ။ ဘာလုပ်တာလည်းဆိုတာက သာသနာရေးဦးစီးဌာနကို မေးရမှာ”ဟု သူက ပြောသည်။
မဟာသန္တိသုခကျောင်းတိုက်ဆရာတော်၏ ဒါယကာအချို့ကိုမူ တာမွေမြို့မရဲစခန်း (အမှတ်၄၀) တွင် ထိန်းသိမ်းထားသည်ဟု ကမ္ဘာအေးတွင် သွားရောက်သတင်းယူနေသည့် မဇ္ဈိမဓာတ်ပုံသတင်းထောက်က သတင်းပေးပို့သည်။
ဇွန်လ ၁၀ ရက်ည ၁၁ နာရီခန့်မှ စတင်ကာ ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခကျောင်းကို ရာနှင့်ချီသော ရဲများ၊ ယာဉ်ထိန်းရဲများ၊ ရဲအရပ်ဝတ်များအပြင်၊ သံဃာတော်များ ဝန်းရံပြီး ယခုကဲ့သို့ ကျောင်းတွင်းမှ ဆရာတော်များကို ပင့်ဆောင်သွားခြင်းဖြစ်သည်။
ကျောင်းတိုက်ကို သံဆူးကြိုးများဖြင့် ကာရံထားကာ မည်သူ့ကိုမျှ ဝင်ခွင့်မပေးတော့ဟု ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။
မဟာသန္တိသုခကျောင်းတိုက်သည် ထိုကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဝံသ (ပီနန်ဆရာတော်) နှင့် သာသနာရေးဝန်ကြီးဌာနတို့ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိပြီး လွန်ခဲ့သည့် မတ်လက သာသနာရေးဝန်ကြီးဌာနက မဟာသန္တိသုခကျောင်းသည် ပီနန်ဆရာတော်ကြီးနှင့် သက်ဆိုင်မှု မရှိဟု ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်အပြီးတွင် ဆရာတော်၏ တပည့်သားများက ယင်းကျောင်းတိုက်မှာ ပီနန်ဆရာတော်ကြီး ပိုင်ဆိုင်ကြောင်း အထောက်အထား သက်သေများပြသွားမည်ဟု မဇ္ဈိမကို ပြောခဲ့ဖူးသည်။
သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသည်။
လက်ရှိတွင် မဟာသန္တိသုခကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ပီနန်ဆရာတော်ကြီးမှာ ဇွန်လ ၅ရက်မှ စကာ ဂျပန်နိုင်ငံသို့ သာသနာပြုခရီး သွားနေသည့် အချိန်ဖြစ်သည်။
မဟာသန္တိသုခကျောင်းတော်ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ပီနန်-စင်ကာပူ ဆရာတော်ဦးပညာဝံသ ဦးစီး၍ တည်ထောင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်မှ ယနေ့အထိ ယင်းကျောင်းတိုက်ကို သံဃမဟာနာယကအဖွဲ့က စီမံကွပ်ကဲလျက်ရှိသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/22928-2014-06-11-01-47-17
No comments:
Post a Comment