Friday, June 27, 2014

မတူပီမြို့တွင် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆို ထားသော ခေါင်းဆောင် (၄) ဦး အာမခံရရှိ

Friday, June 27, 2014

ချင်းပြည်နယ်၊ ရေဇွာ မြို့နယ်ခွဲတွင် ဇွန်လ(၁၀)ရက်နေ့က စစ်သားတစ်ဦးမှ ချင်းအမျိုးသမီးကို အဓမ္မပြုကျင့် ခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြသော ခေါင်းဆောင်လေးဦးကို ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်မှုဖြင့် ဇွန်လ( ၂၅)ရက်တွင် ပုဒ်မ (၁၈)ဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် အာမခံ ပေးထားကြောင်း မတူပီ ရဲစခန်းမှ ဒုရဲမှူး ဦးဘင်နီဖျင်းက The Messenger Media သို့ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံသော်လည်း ဆုံရပ်အဖြစ် ရှစ်လမ်းဆုံကို တင်ထားသဖြင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ် နိုင်သည်ဟု အကြောင်းပြပြီး ခွင့်ပြုချက် မပေး ခဲ့ကြောင်း သိရသည်။

မတူအမျိုးသမီး အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်ထန်းဇင်၊ အဖွဲ့ဝင် ဒေါ်ခင်ထွေးပါရ်၊ မတူ လူငယ်မိတ်သဟာယအဖွဲ့ ဥက္ကဋ္ဌ ဦးတေမန်၊ အတွင်းရေးမှူး ဦးမောင်ဟန်တို့အား မတူပီမြို့ ရဲစခန်းမှ ပုဒ်မ(၁၈) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ် သည်။
““အားလုံးရဲ့ ကိုယ်ရေးရာဇာဝင်တွေ၊ ထွက်ဆိုချက်တွေ အကုန် ယူသွားကြတယ်။ ရေဇွာမြို့က အဖြစ်အပျက်ကို ဘယ်သူ ပို့တာလဲ စသည်ဖြင့် အမျိုးမျိုး မေးကြတယ်။ သူတို့ရဲ့ အကြောင်းပြချက်က ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်လို့တဲ့””ဟု မတူလူငယ် မိတ်သဟာယအဖွဲ့ အတွင်းရေးမှူး ဦးမောင်ဟန်က ပြောသည်။

အဓမ္မပြုကျင့်သူ ဟုစွပ်စွဲခံရသော တပ်သားကို ယခုအချိန်တွင် စစ်တပ်ဥပဒေ ဖြင့် အမှုစစ်ဆေးနေဆဲ ဖြင့်ကြောင်း မတူပီမြို့ စစ်ဗျူဟာရုံးမှ တာဝန်ရှိသူ တစ်ဦးက The Messenger Media သို့ပြောသည်။

““အမှန်တရားဘက်မှာ ရဲရဲ ရပ်တည်မယ်။ ဥပဒေကို ဥပဒေအတိုင်း ရင်ဆိုင်မယ်။ ကျွန်တော်တို့ ဘက်က လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး””ဟု ဦးမောင်ဟန်က ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာအစိုးရ ကို တောင်းဆို ဖူးခဲ့သည်။

Messenger News Journal

No comments: