Monday, June 30, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား


Monday, June 30, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်က အာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

“တိုင်းသူပြည်သားတွေလည်း သိတယ်။ စစ်တပ်က ၁၉၆၂၊ ၁၉၈၈ မှာ လက်နက်နဲ့ အာဏာသိမ်းတယ်။ အခုကျတော့ လက်နက်နဲ့ မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့ အာဏာသိမ်းထားတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ရက်ကွက်ကျေးရွာ၊ မြို့နယ် ခရိုင်၊တိုင်း၊ ပြည်ထောင်စုအဆင့်ထွေအုပ်များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့်အတွက် စစ်တပ်က ပြည်သူလူထုကို တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြခဲ့သည်။

“ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘက မကြိုက်တာကို မလုပ်ရဲဘူးဖြစ်နေတယ်။ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ရင် ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ ၄၃၆ အရ စစ်တပ်သဘောမတူပါက ပြင်ဆင်ရန် ခဲယဉ်းနေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၁၉၅၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများနှင့် ပတ်သက်သည့် လူသတ်၊ လူသေမုဒိန်းမှုများ တရားရုံးများတွင် တရားစွဲဆိုကာ နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက်ရောက်နိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်မည်ဖြစ်၍ ပြည်သူလူထု များစွာနစ်နာနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ဝေဖန်သည်။

ထို့ပြင် “လွှတ်တော်က စစ်တပ်ကို အမြဲတမ်းလွှမ်းမိုးနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ မူပဲ။ ဒီမှာကြည့်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဟာ အားလုံးပေါင်း ၁၁ ယောက်ရှိတယ်။ ခြောက်ယောက်သော ပုဂ်္ဂိုလ်တွေက သူတို့စိတ်တိုင်းကျ ထည့်ထားတာ”ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါဟောပြောပွဲကို ထိုနေ့မနက် ၉ နာရီက ပြည်မြို့ခေတ္တရာမြို့သစ် လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးဌေးဦး (စိန်ကျွန်း)တို့က ဟောပြောခဲ့ရာ မြို့ခံလူထု ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

Mizzima

No comments: