Friday, June 27, 2014
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း အပစ်အခတ် ရပ်စဲထားနိုင်ခြင်း မရှိသေးသည့် ဒေသများတွင် ကျဆုံးခဲ့သော တပ်မတော်သားများ အတွက် အစိုးရသစ်လက်ထက် လေးနှစ်ကျော် ကာလအတွင်း ငွေကျပ် ၂၃,၀၂၁ သိန်းကျော် ထောက်ပံ့ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိနှင့် အခြားအဆင့်များ စစ်ရေးတာဝန် ထမ်းဆောင်စဉ် တိုက်ပွဲကျ သေဆုံးပါက ကျပ်နှစ်သိန်းမှ ဆယ်သိန်းအထိ ပေးအပ်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

တပ်မတော်မှ အငြိမ်းစားများ၊ ခြေလက်အင်္ဂါ စွန့်လွှတ်ရသူများနှင့် အသက်ပေး ကျဆုံးခဲ့ရသူများကို ထောက်ပံ့ပေးနေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဖုန်းမြင့်အောင်က ဇွန်လ ၂၆ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ကျဆုံးခဲ့သော တပ်မတော်အရာရှိ တစ်ဦးလျှင် ကျပ်ဆယ်သိန်းနှင့် အခြားအဆင့် တပ်မတော်သား တစ်ဦးကို ကျပ်ရှစ်သိန်း ထောက်ပံ့ပေးလျက် ရှိကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။
တာဝန်ထမ်း တပ်မတော်သား အရာရှိများ ဒဏ်ရာရပါက တစ်ဦးလျှင် တစ်သိန်းကျပ်နှင့် အခြားအဆင့်တပ် တစ်ဦးလျှင် ငါးသောင်းကျပ်အထိ ပေးအပ်နေဆဲ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
အစိုးရသစ် လက်ထက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်သားဦးရေ မည်မျှ ကျဆုံးခဲ့သည်ကို ၎င်းက ထုတ်ဖော်ပြာကြားခြင်း မရှိပေ။
တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် အငြိမ်းစား ရယူခဲ့သော အရာရှိနှင့် အခြားအဆင့်များကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတွင် အလုပ်လျှောက်ထားလာပါက တာဝန်ထမ်းဆောင်လိုသော ဌာန/စက်ရုံများတွင် စိစစ်၍ ခန့်အပ်မှုများ ရှိပြီး သေဆုံး တပ်မတော်သားများ၏ မိသားစုဝင်များနှင့် အငြိမ်းစားများကို အိမ်ရာစီမံကိန်းများ ချပေးထားကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။
ယင်းကဲ့သို့ အိမ်ရာနှင့် ငွေကြေး ထောက်ပံ့မှုများ ပေးနေကြောင်း တပ်မတော်က ပြောဆိုနေသော်လည်း ပြင်ပတွင် ဒုက္ခရောက်နေသော ကျဆုံးတပ်မတော်သား မိသားစု အများအပြား ရှိနေသေးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
The Voice Weekly
No comments:
Post a Comment