Friday, June 13, 2014
အိုင်ယာလန် နိုင်ငံရှိ ခရစ်ယာန် သီလရှင်များ အုပ်ချုပ်သည့် အိမ်ထောင်မရှိသော မိခင်များဆိုင်ရာ ဂေဟာနားတွင် ကလေးငယ် (၈၀၀) နီးပါးအား အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
၁၉၂၅ မှ ၁၉၆၁ ခုနှစ် အတွင်း ၎င်းဂေဟာနားရှိ သင်္ချိုင်းဂူတစ်ခု ထဲတွင် ကလေးငယ် (၇၉၆) ဦးတို့ကို မြှုပ်နှံခဲ့ကြောင်း သေစာရင်း များတွင် ဖော်ပြထားသည်။ ဂယ်ဝေးခရိုင် တူယမ်မြို့ရှိ စိန့်မေရီ အိမ်ထောင် မရှိသော မိခင်များ ဂေဟာနားတွင် ကလေးငယ် များစွာကို မြှုပ်နှံထားကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု သမိုင်းပညာရှင် ကက်သရင်းကော လက်စ်က ပြောဆိုခဲ့သည်။

ကလေးငယ်များ၏ အရိုးများ ပါဝင်သော သင်္ချိုင်းကို ဒေသခံများ က ၁၉၇၅ ခုနှစ်တွင် တွေ့ရှိခဲ့သော်လည်း ယင်းအရိုးများမှာ ၁၈၄၀ ပြည့်နှစ်များ တွင်ဖြစ်ပွားခဲ့သည့် အိုင်းရစ်ရှ် အငတ်ဘေးကြီး အတွင်း သေဆုံးခဲ့ သူများ၏ အရိုးများ ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆခဲ့ကြသည်။
အိုင်ယာလန်တွင် အိမ်ထောင် မရှိဘဲ ကိုယ်ဝန် ရှိလာသော အမျိုးသမီးများအား ကလေး မွေးဖွားရန် သီလရှင်များ ကြီးကြပ်သည့် ဂေဟာများသို့ ပို့ဆောင် လေ့ရှိသည်။ ၎င်း အမျိုးသမီးများသည် အယူအစွဲ ကြီးမားသော ကက်သလစ် ဘာသာဝင် များကြီးစိုးရာ လူ့အဖွဲ့အစည်းတွင် ဖယ်ထုတ် ခံခဲ့ရသူများ ဖြစ်ကြပြီး၊ ၎င်းတို့ မွေးဖွားသော ကလေးများကို လည်း မွေးစားမည့် သူများထံသို့ လွှဲပြောင်း ပေးရလေ့ရှိသည်။
၎င်းဂေဟာများတွင် ခိုလှုံနေသူများ၏ ကျန်းမာရေး ဆိုင်ရာ ပြဿနာများ နှင့် ပတ်သက်ပြီး မှတ်တမ်း မှတ်ရာများလည်း ရှိနေသည်။ တီယမ်ဂေဟာရှိ ကလေးငယ်များ သည် အရိုးပေါ် အရေတင် အခြေအနေတွင် ရှိနေကြောင်း အစိုးရ၏ ၁၉၄၄ ခုနှစ် ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စိန့်မေရီဂေဟာရှိ သေစာရင်းများ မကြာသေးမီတွင် ထွက်ပေါ် လာခဲ့ရာ ၎င်းသေစာရင်းတွင် ကလေးငယ် (၇၉၆) ဦးသည် အဟာရ ပြတ်လပ်ခြင်း၊ ၀က်သက်ကဲ့သို့ ကူးစက် ရောဂါများ ဖြစ်ပွားခြင်းနှင့် တီဘီရောဂါ ဖြစ်ပွားခြင်း တို့ကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြ ထားသည်။
ဂေဟာအား လွန်ခဲ့သော နှစ်အငယ်တွင် အိမ်အသစ်များ ဆောက်လုပ်ရန် ဖြိုဖျက် ခဲ့ပြီးဖြစ်သော်လည်း ဒေသခံများက သင်္ချိုင်းနေရာကို ညွှန်ပြ နိုင်နေဆဲဖြစ်သည်။ ဒဗ္ဗလင်ရှိ ကက်သလစ် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဒီယာမွတ်မာတင်က ဂေဟာနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ မပြုလုပ် နိုင်ခဲ့ပါက ၎င်းဂေဟာနှင့် ပတ်သက်သည့် လူမှုသမိုင်း ကိုမူ ဖော်ထုတ် ရေးသားသင့်ကြောင်း အကြံပြု ခဲ့သည်။
Messenger News Journal
No comments:
Post a Comment