Tuesday, July 01, 2014
NLD ကျေးရွာဒုတိယဥက္ကဌ ဦးစိုင်းစံထွန်း ရှမ်းပြည်နယ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာ ခုဆို တစ်လနီးပါး ကြာမြင့်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း ခုထိဘာတစ်ခုမှ စုံစမ်းသိရှိထားတာ မရှိသေးဘူးလို့ NLD ပါတီရုံးဆီကနေ သိရပါတယ်။
ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် မိုင်းပြင်းလက်တက် ကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကျေးရွာဒုတိယဥက္ကဌ ဦးစိုင်းစံထွန်းကို ဇွန်လ ၄ ရက်နေ့က အမည်မသိ လက်နက်ကိုင် နှစ်ဦးလာခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးစိုင်းစံထွန်းမိသားစုက ဟိုပုံးမြို့နယ် တရားရုံးမှာ တရားစွဲထားပေမယ့်လည်း ရဲတပ်ဖွဲ့က ဘယ်အချက်မှ မထုတ်ဖော်နိုင်သေးဘူးလို့ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ဒေါ်ခင်မိုးမိုးက ပြောပြပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မိုင်းပျဉ်းကျေးရွာနားမှာ PNA အသွင်ပြောင်းပြည်သူ့စစ်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တပ်မတော်ရဲ့ ခလရ ၂၄၉ တပ်ရင်းတွေ လှုပ်ရှားတဲ့ အမဲရောင်နယ်မြေ ဖြစ်တာကြောင့် အမှုမှန်ပေါ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းနေတာမို့ ထုတ်ပြန်ပြောကြားလို့ မရသေးဘူးလို့ ဆိုပါတယ်။
The Voice Weekly
No comments:
Post a Comment