Sunday, August 31, 2014

မလေးရှားဗီဇာတုအမှုတွင် သက်သေထွက်ရန် ထိန်းသိမ်းခံရသူ ၂၀ ဦးကို ပြန်ပို့မည်



Sunday, August 31, 2014

မလေးရှားနိုင်ငံသို့ အ လည်အပတ်ဗီဇာ (Visit Visa) အတုဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၇၂ ဦးအနက် သက်သေထွက်ဆိုရန် ထိန်းသိမ်းခံထားရသူ ၂၀ ဦးကို စက်တင်ဘာ ၁ ရက်တွင် ပြန်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


‘‘လာမယ့် တနင်္လာမှာ ပြန်ပို့ဖို့ သဘောတူညီမှု ရရှိထားပါ တယ်။ သူတို့ကို သက်သေထွက် ဆိုဖို့ ထိန်းသိမ်းထားတာပါ။ စက် တင်ဘာ ၁ ရက်မှာ သူတို့ရန်ကုန် ကို ပြန်ရောက်ပါလိမ့်မယ်’’ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့ အလည်အပတ်ဗီဇာ(Visit Visa) ဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၇၂ ဦးသည် ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးထားသူများအနက် ဗီဇာအတုကိုင်ဆောင်သူ ၅၂ ဦးကို သြဂုတ် ၁၂ ရက်တွင် မလေးရှား နိုင်ငံ ဆီဗန်းတရားရုံးက ထောင် ဒဏ်တစ်နှစ်စီ ချမှတ်လိုက်သည်။

ဗီဇာအတုများဖြင့် ခေါ် ဆောင်လာသူ အေးဂျင့်သုံးဦးကို မလေးရှားနိုင်ငံ ဆီဗန်းတရားရုံး က အမိန့်ချမှတ်ခြင်း မရှိသေး ပေ။ ယခုပြန်ပို့ခံရမည့် ပြစ်ဒဏ်မှ ကင်းလွတ်သူ ၂၀ ဦးကို အေးဂျင့်သုံးဦးပြစ်မှုအတွက် သက်သေထွက်ဆိုရန် ထိန်းသိမ်းထားခြင်းဖြစ်ပြီး၎င်းတို့သုံးဦး ပြစ်ဒဏ်ချမှတ်ပြီးမှသာ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ပြောဆိုထား သည်။

၎င်းတို့သည် စက်တင်ဘာ ၁ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး မလေးရှားနိုင်ငံမှ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ထွက်ခွာလာကာ နေ့လယ် ၁ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြန်လည်ရောက်ရှိလာမည့် မြန်မာ ၂၀ ဦးသည် မလေးရှား နိုင်ငံ ထောင်များ၊ ထိန်းသိမ်းရေး စခန်းများတွင် နှစ်လနီးပါးကြာ နေထိုင်ခဲ့ရသူများ ဖြစ်သည်။

7Day News Journal
မလေးရှားလေဆိပ်ကို တွေ့ရစဉ် ( AZHAR RAHIM/EPA )

No comments: