Sunday, August 31, 2014

စမ်းသပ်ဆဲဆေးဝါး ZMapp က မျောက်များတွင် အီဘိုလာရောဂါ ဖြစ်ပွားမှုကို ရာနှုန်းပြည့် ကုသပေးနိုင်ခဲ့



Sunday, August 31, 2014

အီဘိုလာ ရောဂါကို တိုက်ဖျက်ရန် လက်ရှိ စမ်းသပ်နေသည့် ZMapp ဆေးဝါးသည် မျောက်များတွင် စမ်းသပ်ချက်အရ (၁၀၀)ရာခိုင်နှုန်း အာနိသင် ထက်မြက်မှု ရှိနေကြောင်း ပညာရှင်များက ကြေညာခဲ့သည်။


မျောက်များတွင် စမ်းသပ်မှုအရ ရောဂါ၏ နောက်ပိုင်းအဆင့်မျိုး ရောက်ရှိနေသည့်တိုင် ZMappက တုံ့ပြန် ချေဖျက်နိုင်ကြောင်း သိရှိရသည်။ အဆိုပါ ဆေးသုတေသန ရလဒ်ကို Nature ဆေးပညာ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

“သိပ်အရေးကြီးတဲ့ ခြေတစ်လှမ်း ရှေ့တိုးပြီး လှမ်းလိုက်နိုင်တာပါပဲ”ဟု သုတေသီများက မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ZMappဆေးဝါး ထုတ်လုပ်ရာတွင် ကန့်သတ်ချက် အများအပြား ရှိနေသဖြင့် ယခုနှစ်အတွင်း အာဖရိက အနောက်ပိုင်း၌ လူပေါင်း(၂၀၀၀၀)မျှထိ ရောဂါကူးစက်ခြင်း ခံနေရသည့် အခြေအနေအတွက် လုံလောက်သော ဆေးဝါးထောက်ပံ့မှု ပြုလုပ်နိုင်ဖွယ် မရှိသေးချေ။

ZMappဆေးဝါးကို စမ်းသပ်ဆဲ အဆင့်တွင် လူ(၇)ဦးအတွက် ပေးအပ်ကုသစေခဲ့သော်လည်း (၂)ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။ ZMappသည် ဓာတ်ခွဲခန်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည့်အတွက် ကျင့်ဝတ်ပိုင်းအရ လူသားများတွင် အသုံးပြု ကုသခွင့် မရှိချေ။ သို့သော်လည်း ခြွင်းချက် အခြေအနေ အချို့ဖြင့် လူနာ(၇)ဦးကို ဆေးပေး ကုသစေခဲ့ခြင်း ဖြစ်သည်။ ဆေးဝါးနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှု အသေးစိတ်ကို လူသိရှင်ကြား သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးချေ။

လက်ရှိအခြေအနေအရ အီဘိုလာ ရောဂါကို ကုသရန် တိကျသည့် တရားဝင် ဆေးဝါးမျိုး မရှိသေးသလို ကာကွယ်နိုင်သည့် ဆေးဝါးလည်း ပေါ်ထွက်မလာသေးချေ။ ယခုနှစ်အတွင်း ဂီနီအာ နိုင်ငံတွင် အစပြု ကူးစက်လာပြီး အာဖရိက အနောက်ပိုင်း နိုင်ငံများတွင် ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် (၁၅၀၀) ကျော်သွားပြီ ဖြစ်သည်။

အီဘိုလာကို ကုသရန် ဆေးဝါး မရှိသေးခြင်းကြောင့် သုတေသီများက ကွဲပြားသည့် ပိုးသတ်ဆေးများကို အချိုးအစား အမျိုးမျိုး ရောစပ်ခြင်း၊ လူနာများ၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရန် အားထုတ်ခြင်း အစရှိသည့် နည်းလမ်းများကိုသာ ကုထုံးသဖွယ် အသုံးပြုနေရသည်။ ယခင် စမ်းသပ်ဆေးဝါး အချို့တွင် အကျိုးသက်ရောက်မှု အချို့ ရှိခဲ့သော်လည်း ပဋိဇီဝ ဆေးဝါးသုံးမျိုး အခြေခံ ပေါင်းစပ်ထားသည့် ZMappသည် အီဘိုလာ ကူးစက်ခံရသည့် မျောက်(၁၈)ကောင်တွင် ရာနှုန်းပြည့် အောင်မြင်မှု ရခဲ့ကြောင်း သိရသည်။

သုတေသီများက ရောဂါပိုး ထိုးနှံခံရပြီး (၅)ရက်အကြာမှ မျောက်များကို ZMappဆေးဖြင့် စတင် ကုသခဲ့ခြင်း ဖြစ်သည်။ အများအားဖြင့် အီဘိုလာရောဂါ ဖြစ်ပွားပြီး ဆေးကုသမှု မခံယူပါက (၈)ရက်အကြာတွင် မျောက်များ သေဆုံးလေ့ ရှိသည်။ ကနေဒါနိုင်ငံ၊ ပြည်သူ့ကျန်းမာရေး ဌာနမှ သုတေသီ ဒေါက်တာ ဂယ်ရီ ကိုဘင်ဂါက “ကျွန်တော့် တစ်ဦးချင်း မျှော်မှန်းချက်ထက်ကို ရလဒ်က အများကြီး ပိုကောင်းလာခဲ့တယ်။ အရမ်းအံ့ဩမိပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး ဆေးဝါးပေါင်းစပ်မှု အချိုးအစားကို တွေ့ခဲ့ပြီ ထင်ပါတယ်။ ရောဂါပိုးရှိနေတာ (၅)ရက်ကြာနေတဲ့ တိရစ္ဆာန်တွေကိုတောင် ကယ်တင်နိုင်ခဲ့ပါပြီ။ ဒါဟာ တကယ့် သတင်းကောင်းပါပဲ”ဟု ပြောကြားခဲ့သည်။

သို့သော်လည်း တိရစ္ဆာန်များတွင် စမ်းသပ်အောင်မြင်မှုသည် လူသားများတွင် လက်တွေ့ အကျိုးသက်ရောက်မှု မတူညီသည့် သုတေသန မှတ်တမ်း အများအပြား ရှိခဲ့ဖူးကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။ ZMappဖြင့် ကုသမှု ခံယူခဲ့သည့် လူနာ(၇)ဦးအနက် လိုက်ဘေးရီးယားမှ ဆရာဝန် တစ်ဦးနှင့် စပိန်မှ ဘုန်းတော်ကြီး တစ်ပါးတို့မှာ အီဘိုလာ ရောဂါဖြင့်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

BBC
7Day News Journal

No comments: