Sunday, August 31, 2014

တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွင် KIA/KIO ပါဝင် လက်မှတ်ရေးထိုးရန် တောင်းဆို

Sunday, August 31, 2014

တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲ သဘောတူညီမှုတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် အတူ KIA/KIO တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ မှ ပါဝင် လက်မှတ်ရေး ထိုးရန် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (မြန်မာပြည် မြောက်ပိုင်း) နှင့် ကချင် ပြည်နယ် အထူး ဒေသ (၁)ထာဝရ ငြိမ်းချမ်းရေး အဖွဲ့တို့မှ ယမန်နေ့က ပူးတွဲ တောင်းဆိုလိုက်သည်။အဆိုပါ တောင်းဆိုချက်အား နိုင်ငံတော် အစိုးရနှင့် KIA/KIO တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ များထံ ပေးပို့ သွားမည် ဖြစ်ကြောင်း သိရသည်။


ဒီမှာက KIA/KIO က ငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတဲ့ ပြဿနာရှိ နေလို့ ကျွန်တော်တို့က လက်မှတ်ထိုးပါလို့ တောင်းဆို တာဖြစ်ပါတယ်။ လက်မှတ်ထိုးမှ ဖြစ်မှာပါ။ ငြိမ်းချမ်းရေးကို တည်ဆောက်မှ ဖြစ်မှာပါ ဟု ကချင်ပြည်နယ်အထူး ဒေသ (၁)ထာဝရ ငြိမ်းချမ်းရေး အဖွဲ့  ဥက္ကဋ္ဌ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စခုန်တိန်ယိမ်းက The Messenger Media သို့ ပြောသည်။

KIA/KIO ခေါင်းဆောင်များသည် ကချင်တိုင်းရင်းသား၊ လူမျိုးပြည်သူ လူထု အပေါင်းနှင့် ကချင်ပြည်နယ် အတွင်း နေထိုင်သည့် လူမျိုးမရွေး၊ ဘာသာ မခွဲခြားဘဲ ပြည်သူလူထုများ တည်ငြိမ်းအေးချမ်းစွာ ဘ၀သစ်ထူ ထောင်နိုင်ရေးအတွက် ကူညီမည်ဟု ယုံကြည်ကြောင်း၊ တောင်းဆိုချက်ထဲတွင် တိုက်တွန်း ထားသည်။

အဆိုပါ တောင်းဆိုချက်ထဲတွင် တိုင်းရင်းသားလူမျိုး ပြည်သူလူထု များသည် တိုက်ပွဲကြောင့် စွန့်ခွာခဲ့ကြရသော မူလ နေထိုင်သည့် ကျေးရွာ၊ လယ်မြေ များနှင့် လက်ငုတ် အကျိုး စီးပွားများကို ပြန်လည်ဖော်ထုတ် ပိုင်ဆိုင်နိုင်ကြရေး အတွက် အာမခံချက် ရရှိရေး ကူညီပေး ကြပါရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲသည် KIA/KIO လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ တည်း ပြဿနာ မဟုတ်သဖြင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပြည်သူ ပြည်သား အပေါင်း တို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ ပါဝင် ဖွဲ့ စည်း၍ နိုင်ငံရေး ဖက်ဒရယ်စနစ် အရ ကိုယ်ပိုင်အုပ်ချုပ်ရေး အဖြေရှာ သင့်ကြောင်းလည်း တိုက်တွန်းထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါ အစိုးရ၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ သုံးပွင့်ဆိုင် တွေ့ကြတယ်။ အဲဒီထဲမှာ KIA/KIO မှ မပါ ရင် ကျွန်တော်တို့ဒေသ အတွက် ဘယ်သူက ပြောပေးမှာလဲ။ ဒီအတိုင်းကြီး ဆက်ပြီး ရှိမနေချင်ဘူး ဟု ရှမ်းမျိုး နွယ်စုရေးရာ (မြန်မာပြည် မြောက်ပိုင်း) ပြည်တွင်း ပြည်ပ ဆက်ဆံရေး တာဝန်ခံ ဦးထင်လင်းက ပြောသည်။ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးတွင် KIA/KIO ပါဝင် လက်မှတ်ရေးထိုး ချင်းမရှိပါက ကချင်ပြည်နယ်တွင် ဆက်ကြေး ကောက်ခံခြင်း၊ စစ်သား စုဆောင်းခြင်းများ ဆက်လုပ်ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ် လန့်စွာ နေထိုင်ကြရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Messenger

No comments: