Saturday, September 06, 2014

သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်သမ္မတနှင့် ၂၀၁၅ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးမည်

Saturday, Setember 06, 2014
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၅ ရက်က ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိလာရာ သမ္မတ ဒီဒီးယားဘော်ခါတာ က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်များအပေါ် ဆွစ်ဇာလန်အစိုးရက တက်ကြွ စွာ ထောက်ခံကြောင်းနှင့် သမ္မတဦးသိန်းစိန်၏ ယခုခရီး စဉ်သည် ထောက်ခံမှုအတွက် သက်သေတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတနှစ်ဦးတို့သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလအတွင်း ဆွစ်ဇာလန်၏ ပါဝင်ဆောင်ရွက်နိုင်မှု နှင့် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးတိုးမြှင့်ရန် တို့လည်းပါဝင်မည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသငြိမ်း ချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားပေးသည့်အနေဖြင့် ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံအ ပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ၂၀၁၂ ခုနှစ် မေလတွင် ရုပ်သိမ်းပေးခဲ့ပြီး တစ်လအကြာတွင်  ဆွစ်ဇာလန်အစိုးရက မြန်မာနိုင်ငံတွင် သံရုံးလာရောက်ဖွင့်လှစ်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆွစ်ဇာလန်အစိုးရက ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ် လာ ၂၃ ဒသမ ၄ သန်း ဘတ်ဂျက် လျာထားကြောင်း သိရသည်။

Ref:swissinfo.ch and agencies
mizzima

No comments: