Tuesday, January 20, 2015

အဲအေးရှား လေယာဉ် ပျက်ကျမှုတွင် အကြမ်းဖက် တိုက်ခိုက်ခံမှု မရှိဟု ပညာရှင်များ ပြောကြား

Tuesday, January 20, 2015

အဲအေးရှား လေယာဉ်ပျက်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ (Black Box)နှင့် အသံဖမ်း ကိရိယာတို့ကို စစ်ဆေးပြီးနောက် လေယာဉ်ပျက်ကျမှုတွင် အကြမ်းဖက် တိုက်ခိုက်မှု စနက် တစ်စုံတစ်ရာ မပါဝင်ကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားလိုက်သည်။


Black Box များတွင် မှတ်တမ်းတင်ထားသည့် အချက်အလက် (၅၀)ရာခိုင်နှုန်းမျှကို ပြန်လည် ရယူနိုင်ခဲ့ပြီ ဖြစ်ပြီး အဆိုပါ အချက်အလက်များက QZ8501 လေယာဉ် ပျက်ကျရသည့် အဓိက အကြောင်းရင်းကို ဖော်ထုတ် သိရှိလာစေမည်ဟု စစ်ဆေးနေသည့် ကျွမ်းကျင် ပညာရှင်များက ဆိုသည်။

ပြီးခဲ့သည့်လက ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့သည့် လေယာဉ်သည် အကြမ်းဖက် တိုက်ခိုက်ခြင်း ခံရကြောင်း သံသယ ဝင်စရာ အချက်အလက် လုံးဝ မရှိဟု လက်ရှိ ထုတ်နုတ်ထားသည့် အချက်အလက်များအရ သိရှိရသည်။ လေယာဉ်မှူး အခန်းထဲတွင် မှတ်တမ်းတင်ထားသည့် အသံများအရ လေယာဉ်မှူး၏ အသံသာ ကြားရပြီး အခြားသူ တစ်ဦးဦး၏ ကြားဝင် ပြောဆိုနေမှု မရှိဟု အင်ဒိုနီးရှား အာဏာပိုင်များက Reuters သို့ ပြောကြားခဲ့သည်။

ထို့အပြင် လေယာဉ်မှူးသည် လေယာဉ်ကို ထိန်းချုပ်ပြီး အလုပ်များနေခြင်းမှလွဲ၍ ခြိမ်းခြောက် ခံရသည့် အရိပ်အယောင် တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း စစ်ဆေးရေး ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

လတ်တလောတွင် လေယာဉ်ကိုယ်ထည်ကို တွေ့ရှိထားပြီ ဖြစ်သောကြောင့် လေယာဉ်ပျက်နှင့် သေဆုံးသူ ရုပ်အလောင်းများ ဆယ်ယူရေးကို အရှိန်မြှင့် အကောင်အထည် ဖော်လျက်ရှိသည်။

ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ပျက်ကျသော လေယာဉ်ပေါ်တွင် လူ(၁၆၂)ဦး လိုက်ပါသွားပြီး တစ်ဦးမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိခဲ့ချေ။ လတ်တလောတွင် အင်ဒိုနီးရှား ရေငုပ်သမားများသည် ရုပ်အလောင်း (၅၃)ခုကို ပြန်လည် ဆယ်ယူထားပြီး ဖြစ်သည်။

_Ref: AU News
7Day News Journal

No comments: