Wednesday, November 12, 2008

“ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့တာ ထိရောက်သလား ”

အမေရိကန်တွင် သမ္မတအသစ်ပြောင်းလဲချိန်၌ နအဖအစိုးရအပေါ် လုပ်ဆောင်ထားသော ပိတ်ဆို့ရေး မူဝါဒများကို ကျွန်တော်တို့ ပြန်သုံးသပ်သင့်ပြီးထင်ပါသည်။ စီးပွားရေးပိတ်ဆို့မှု ထိရောက်သလား၊ မထိရောက် သလား...လက်တွေ့ကျကျ (အမှန်အတိုင်း)ပြောလိုသဖြင့်ဤဆောင်းပါးကို ရေးသားပါသည်။ ပြည်ပရောက်အဖွဲ့ အစည်းများအတွင်း မှာပင် ၀ိဝါဒကွဲလွဲနေပါသည်။ စီးပွားရေးပိတ်ဆို့လိုသူများနှင့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်း လိုသူများဟူ၍ ကွဲပြားနေသည်။

အမေရိကန်နှင့် အီးယူနိုင်ငံများက ၂၀၀၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့သည်။ စီးပွားရေးပိတ်ဆို့လိုက်သည့်အတွက် မြန်မာနိုင်ငံရှိ ကုမ္ပဏီတော်တော်များများ ပိတ်လိုက်ရသည်။ ပြည်သူထောင် ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားသည်။ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် တစ်ဖက်နိုင်ငံများသို့ သွားရောက်ကြသည်။ တစ်ချို့က ဒုက္ခသည်စခန်းတွင် ခိုလှုံသည်။ တစ်ချို့က ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရပြီး လုပ်အားခ အလွန်နည်းပါးသည်။ သူများနိုင်ငံတွင် မျက်နှာငယ်စွာနေကြရသည်။

စီးပွားရေးပိတ်ဆို့မှုကြောင့် နအဖအစိုးရ ပြုတ်ကျမသွားခဲ့ပါ။ တရုတ်၊ကုလားနှင့် အာဆီယံတို့၏ ထောက်ခံ မှုဖြင့် နအဖ၏စီးပွားရေးလုပ်ငန်းများ အရှိန်မပျက်ခဲ့ပါ။ နအဖတွင် နိုင်ငံခြားငွေ ရသင့်သလောက်မရသည်က လွဲ၍ ထူးခြားစွာအကျိုးမယုတ်ခဲ့ပါ။ တကယ်တမ်းအထိနာခဲ့သည်မှာ ပြည်သူများသာဖြစ်သည်။

မနေ့တစ်နေ့ကပင် '' မြန်မာ-တရုတ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ၂.၄ ဘီလီယံထိ တိုးတက် '' ဟူသော သတင်း ဖတ်လိုက်ရသည်။ အနောက်နိုင်ငံများမှ တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေး အနေအထားအရ စီးပွားရေးအင်အားကြီးနိုင်ငံများအဖြစ် ပြောင်းလဲလာနေသော ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးများနှင့် အကျိုးတူစီးပွားများ တိုးတက်လျက်ရှိနေပါသည်။ တနည်းအားဖြင့် စားသုံးသူဈေး ကွက်ကြီးနှစ်ခုနှင့်နီးကပ်စွာရှိနေသော နိုင်ငံငယ်လေးကို တစ်ဖက်သတ်စီးပွားရေး ပိတ်ဆို့ထားပေမဲ့ သယံဇာတပေါကြွယ်ဝမှုနှင့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်များကြောင့် အနောက်နိုင်ငံ များ၏ စီးပွားရေးပိတ်ဆို့မှုများကို ပြည်သူအများ ကြံကြံခံနိုင်နေခြင်းပင်ဖြစ်ပါသည်။ တရုတ်/အိန္ဒိယကဲ့သို့ နိုင်ငံများနှင့်သာမက နအဖနှင့်အာဆီယံ ကုန်သွယ်မှုပမာဏမှာ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ကုန်သွယ်မှု ပမာဏ၏ ၅၁.၈၈ ရာခိုင်နှုန်းရှိကြောင်း ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နယူးဇီလန် ၀န်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ မစ္စတာမိုက်(ခ်)မောက စီးပွားရေးပိတ်ဆို့မှုဆိုတာ နိုင်ငံတကာက ဘယ်လောက်ညီညွတ် သလဲဆိုတဲ့အပေါ်မှာ မူတည်ကြောင်း၊ အဓိက စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့နိုင်ငံကြီးတွေက ချိုးဖောက်လိုက်ပြီဆိုရင် အနှောင့်အယှက် တွေဖြစ်လာနိုင်ကြောင်း၊ လူလက်တစ်ဆုတ်စာက လက်ဝါးကြီးအုပ်ပြီး ပိုက်ဆံအများကြီးရသွားတဲ့ အခြေအနေကို ဖန်တီးရာရောက်သွားမဲ့ အကြောင်း ဒီဗွီဘီနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသွားခဲ့သည်။

မစ္စတာမိုက်(ခ်)မောကဲ့သို့ပင် အရှေ့တောင်အာရှစီးပွားရေးကောင်စီ၏ အမေရိကန်အသင်းဥက္ကဌမစ္စတာ မက်သရူးဒလေက “ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအောင်မြင်ခြင်းမရှိကြောင်းနှင့် မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲလာရန် နောင်တက်မည့် အမေရိကန်အစိုးရအနေဖြင့် နည်းပရိယာယ်ပြောင်းလဲ နိုင်ကြောင်း ” ပြောကြားခဲ့သည်။ ၎င်းက “ ကျနော်တို့ ဒီလိုကောက်ချက် မချလို့မဖြစ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ရဲ့ မူဝါဒဟာ မြန်မာကိုမှန်ကန်တဲ့ဘက် ဆီဦးတည်ရွေ့သွားအောင် မလုပ်နိုင်တဲ့အပြင် သူတို့ဆောင်ရွက်လာအောင်လုပ်နိုင်တဲ့ အလားအလာလည်း ဘာမှမရှိပါဘူး ” ဟု ၀ါရှင်တန်ဆွေးနွေးပွဲတစ်ခု၌ပြောသည်။

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို မည်သည့်နိုင်ငံကမှ အားမပေးကြောင်း၊အာဆီယံနိုင်ငံများကလည်း ထောက်ခံခြင်း မရှိကြောင်းနှင့် ထိုအချက်သည် အမှန်တရားဖြစ်ပြီး မငြင်းသာသည့်အချက်ဖြစ်၍ ပြည်ပရောက် မြန်မာအသိုက်အ၀န်း၏ လက်ခံအသိအမှတ်ပြုမှုများလည်း တိုးပွားလာနေကြောင်း၊ ယခုအမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှု မူဝါဒပြောင်းလဲပစ်မည်ကို တွေ့ရမှာဖြစ်ကြောင်း မစ္စတာ ဒလေက ဆက်လက်ပြော ကြားသွားခဲ့သည်။

“ မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်အိန္ဒိယတို့ကဲ့သို့ အင်အားကြီးနိုင်ငံများ၏ ထောက်ခံမှုရနေသမျှကာလ ပတ်လုံး စီးပွားရေးပိတ်ဆို့မှုများ အကျိုးမရှိပါ ” ဟု အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ် အောင်ကင်ယောင် ကလည်း ယခင်က ပြောကြားခဲ့သည်။ ထိုင်းအစိုးရသစ်၏ ပေါ်လစီတွင် မြန်မာပြည်၏လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသည် စီးပွားရေး အကျိုးစီးပွား၏ လက်အောက်ခံသာဖြစ်သည်ဟုဆိုကာ ထိုင်းသည်မြန်မာ၏ အဓိကကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ထိုင်းနိုင်ငံသည် ဗြိတိန်နှင့်စင်ကာပူနိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ဗြိတိန်နိုင်ငံက ၁.၅၆ ဘီလီယံ၊စင်ကာပူက ၁.၄၃ ဘီလီယံနှင့် ထိုင်းနိုင်ငံက၁.၃၄ ဘီလီယံ(အမေရိကန်ဒေါ်လာ) မြန်မာအစိုးရနှင့် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ခံနေရသည့်ကြားမှ နိုင်ငံခြားကုန်သွယ်မှု ၃၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

လက်တွေ့အဖြစ်အပျက်များအရ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုသည် နအဖအစိုးရအား ထိခိုက်မှု အနည်းငယ်သာဖြစ်စေပြီး အမေရိကန်လုပ်ငန်းရှင်များနှင့် မြန်မာပြည်သူများသာနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သည် မှာအမှန်ဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ကျနော်တို့မျှော်လင့်တောင့်တနေသော ဒီမိုကရေစီလည်း ချက်ချင်း ရမလာခဲ့ပါ။

ယခုအခါ အမေရိကန်တွင် (၄၄) ဦးမြောက်သမ္မတအဖြစ် မစ္စတာအိုဘားမားအား ရွေးချယ်တင်မြှောက် ခဲ့ပြီးဖြစ်ပေရာ အမေရိကန်သမ္မတသစ်အား ပြည်တွင်း/ပြည်ပရှိ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆင်းရဲလှသော မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခြင်း ပယ်ဖျက်ရန်တောင်းဆိုသင့်ပါကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


ဤဆောင်းပါးကို ပေးပို့သည့် ထိုင်းနိုင်ငံမှ Mr ရစ်ချက်စ် ကို ကျေးဇူးတင်ရှိပါသည်။

No comments: