Thursday, November 20, 2008

အဝေးက မေမေ


မှတ်မှတ်ရရ ဟေမန္တနှင်းမှုန် တွေစကြွေခါစ ညကာလမှာ အဝေး ကအမေ့ထံ ဖုန်းဆက်ဖြစ်ခဲ့သည်။ တကယ်ဆိုရင် ကျွန်တော်ကသာ အဝေးမှာရောက် နေတာပါ။ အမေ ကတော့ နဂိုနေမြဲ ရန်ကုန်မြို့ကြီးမှာပါ။ အမေရိပ်သာက ထွက်လာပြီ။ ကျန်းကျန်းမာမာရှိနေသည်ဆိုသည့် သတင်းက အဝေးရောက်သားတစ် ယောက်၏ရင်ကို အေးမြစေခဲ့သည်။ ဖုန်းဆက်၍ အမေ့အသံကြားရ သောအခါ ရင်ထဲမှာ ပို၍အေးမြ သွားသည်လေ။

”အမေ..ကျန်းမာတယ် နော်””အေးကွယ်..၄ လစလုံး ရိပ် သာဝင်ခဲ့တာဆိုတော့ နည်းနည်း တော့ နုံးတာပေါ့။ ဒါပေမဲ့ ကိစ္စမရှိ ပါဘူး။

ခုနကပဲ အားဆေးတစ်လုံး သွင်းပြီးသွားလို့ နေသာထိုင်သာ ရှိ နေပြီ”

”ဘာလိုသေးလဲအမေ”
”ဘာမှ မလိုပါဘူးကွယ် သား ရောနေကောင်းလား”
”ကောင်းပါတယ်အမေ”
”အေးကွယ်၊ ကျန်းမာရေးတော့ ဂရုစိုက်ပါ။ ဆောင်းဝင်လာပြီ အဲဒီ မှာအေးတယ်မဟုတ်လား”
”ဟုတ်တယ်အမေ.. ဒီမှာ တော့ တော်တော်အေးလာပြီ။ ဒါပေ မဲ့ ဘာမှ မပူပါနဲ့ ရန်ကုန်မှာ ဗီရိုထဲ သိမ်းထားခဲ့ရတဲ့ အနွေးထည်တွေ အတိုးချဝတ်နေရတယ်အမေ”ကျွန်တော့်စကားကြောင့် အမေရယ်လေသည်။ အမေ့ရယ်သံ ချိုချိုလွင်လွင်သည် တယ်လီဖုန်းဒိုင် ခွက်မှတစ်ဆင့် ကျွန်တော့နားထဲ၊ ထို့နောက် ကျွန်တော့်ရင်ထဲသို့ တစိမ့်စိမ့်စီးဝင်နေသည်။ ကြည်လင် အေးမြသော အာရုံအထိအတွေ့ကို ခံစားနေမိ၏။ သြော်..အသက် ၅ဝ ကျော်ခဲ့ပေမယ့် အမေ့အသံရဲ့ ရှေ့မှောက်မှာတော့ ကျွန်တော်ဟာ ကလေးငယ်လေးလိုပါပဲ။ ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အလုပ် အကိုင်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့် ယုံကြည်မှုနဲ့ ဘဝလမ်းမအလယ်မှာ ခိုင်ခိုင်မာမာရပ်နေတယ်ဆိုပေမယ့် အမေ့အမြင်မှာတော့ ကျွန်တော် ဟာ အမေ့ရင်ခွင်ထဲက မွေးကင်းစ ကလေးငယ်လေး ဖြစ်နေဦးမှာပါ။သည့်နောက် တယ်လီဖုန်းထဲ မှာ အမေနှင့်ကျွန်တော် ဓမ္မအတွေ့ အကြုံအသိအမြင်တွေ အပြန် အလှန် ပြောဆိုဖြစ်ခဲ့ကြသည်။ ထို့ နောက် တယ်လီဖုန်းမချမီ ကျွန် တော်က အမေ့ကို-”သီတင်းတော့ကျွတ်သွားပြီ၊ ပြန်လာမှပဲ ကိုယ်ထိလက်ရောက် လာကန်တော့တော့မယ်နော်။ အခု တော့အမေ့ကို တယ်လီဖုန်းထဲကပဲ ကန်တော့လိုက်ပါတယ်အမေ”ဟု ပြောသောအခါ အမေက-

”အေးကွယ်သား၊ ကျန်းမာပါ စေ၊ ချမ်းသာပါစေ၊ တရားထူးတရား မြတ်တွေလည်း သိမြင်နိုင်ပါစေ ကွယ်” ဟု ဆုတွေပေးနေသေး သည်။ သည့်နောက် တယ်လီဖုန်းဒိုင် ခွက်ထဲက အမေ့အသံကို မကြားရ တော့သော်လည်း အမေ့မေတ္တာ၊ အမေ့ဆုပေးသံတို့ကမူ ကျွန်တော့်နှလုံးအိမ်မှာ အထပ်ထပ်မြည်ဟည်း နေဆဲ။ အမေ့ကျေးဇူး တရားတို့ကို အထပ်ထပ်အောက်မေ့နေမိ၏။ အမေ့ဝမ်းထဲမှာ ကျွန်တော့်ကို ကိုးလလွယ်ပြီး ဆယ်လမှာ မွေးဖွား ခဲ့တာတွေကအစ ကိုယ့်သေးဝတ်၊ ကိုယ့်မစင်ဝတ်တွေကို မရွံ့မရှာ လျှော်ဖွပ်ပေးခဲ့တာတွေကို ပြန် သတိရမိ၏။ လူလားမြောက်အောင် ပြုစုပျိုးထောင်၊ ပညာသင်၊ ကျောင်း ထား၊ ဆုံးမစကားများနှင့် လမ်းလွဲရောက် မသွားအောင် ထိန်းသိမ်းပြု ပြင်ပေးခဲ့ပုံများသည်လည်း အာရုံထဲ မှာ အစီအရီ။အမေနှင့်အဖေ အိမ်ထောင် ရေးအဆင်မပြေခဲ့တာ အသာထား ၍ သားသမီးတွေနှင့် ရင်အုပ်မကွာ နေချင်ရှာသော အမေ့မေတ္တာတွေ ကို မှန်းဆမြင်ယောင်ကြည့်မိသည်။ ကျွန်တော်အိမ်ထောင်ပြု ဖြစ်သော အခါ သူ့ရင်ဘတ်ထဲက အစိတ် အပိုင်းတစ်ခု ဆုံးရှုံးသွား သည့် အလား အမေငိုကြွေးခဲ့ဖူးတာကို လည်း ပြန်သတိရမိသည်။ အဲဒီတုန်း ကတော့’ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ပဲဟာ’ ဆိုသော ရင်တွင်းစကား ဖြင့် အမေ့မေတ္တာကို မျက်ကွယ်ပြု ရင်း ငြင်းဆန်ခဲ့ဖူးတာကို သတိရမိ သည်။ထို့နောက် လောကအလယ် တွင် တဖြည်းဖြည်းနှင့် ဝင်ဆံ့လာ ရာက အောင်မြင်မှုအဆင့်အတန်း နှင့် လူသိများလာသော သားတစ် ယောက်အပေါ် စိုးရိမ်စိတ်ဖြင့် လှမ်း ကြည့်ခဲ့ဖူးသော အမေ့မျက်လုံးများ ကို သတိရမိသည် အောင်မြင်မှု၊ အလုပ်များမှု၊ လူတွင်ကျယ်ဖြစ်လာ မှုတို့ကြောင့် ကျွန်တော့်ကိုယ်ကျင့် သိက္ခာတွေ တစ်စတစ်စ လွင့်ပါး သွားမှာ အမေစိုးရိမ်နေခဲ့သည်။ ကျွန်တော့်အသွေးအသားထဲသို့ ရိုက် သွင်းပေးခဲ့သော ကိုယ်ကျင့်သီလနှင့် သက်ဆိုင်သော အမေ့အဆုံးအမ တွေ အသက်မဝင်တော့မှာ အမေ စိတ်ပူခဲ့သည်။ ဆိုရလျှင် ဘဝသက် တမ်းတစ်လျှောက်လုံး အမေ့အဝေး မှာ ကျွန်တော်နေဖြစ်ခဲ့တာများ သော်လည်း အမေ့မေတ္တာကမူ ကျွန်တော့် နှလုံးသားနှင့် အနီးဆုံး နေရာမှာ ရှိနေခဲ့သည်။မမျှော်လင့်ပါဘဲ ကျွန်တော့် ဘဝအချိုးအကွေ့တစ်ခုကို ကျွန် တော်ကိုယ်တိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သောအခါ အမေ သည် သူခိုလှုံနေသော ဓမ္မရိပ် အောက်မှနေ၍ ကျွန်တော့်ကို ဝမ်းသာဝမ်းနည်း မျက်ရည်စများဖြင့် နွေးထွေးစွာ ဆီးကြိုနေခဲ့သည်။ ကျွန်တော်၏ ‘ဘဝနှင့် ဓမ္မတစ်ထပ်တည်း ကျအောင် ကြိုးစားတော့မည်’ဟူ သော သန္နိဋ္ဌာန်စိတ်ကို အမေသည် အားကောင်းလာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုစဉ်က ကျင်လည်လက်စ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ထဲမှ ကျွန်တော်ရုတ်တရက် ရုန်းထွက်၍ မရသောအခါ စိတ်ရှုပ်ထွေး မွမ်း ကျပ်မှုများစွာဖြင့် အမေ့ခြေဖမိုးပေါ်မှာ ကျွန်တော်မျက်ရည်တွေ စီးကျခဲ့ရပုံတွေကိုလည်း မှတ်မိနေပါ သေးသည်။ အမေ့ခြေ ဖမိုးပေါ်မှာ စွန်းထင်းစိုရွှဲသွားသော ကျွန်တော့် မျက်ရည်စတွေကို အမေသည် သူ့လက်ချောင်းများနှင့် ညင်သာစွာဖယ်ရှားရင်း ကျွန်တော့်အားဖေးမ ထူထပေးရင်း အားပေးစကားပြော ခဲ့ပုံတွေကိုလည်း မြင်ယောင်နေမိသေး၏။

”ဘာမှမပူနဲ့သား၊ အချိန်တန်ရင် ဓမ္မသဘောဆောင်ပါလိမ့်မယ်။ ဘယ်သူတွေ ဘာပဲပြောပြော အမေမြင်ချင်တာ၊ အမေမျှော်လင့်ခဲ့ တာတွေ ဖြစ်လာခဲ့ပြီမို့ အခုအချိန် မှာ အမေ့ထက် ဝမ်းသာတဲ့သူရှိမှာ မဟုတ်ဘူးသား”

နောက်ဆုံး ဝန်ထမ်းဘဝက ထွက်ခွာခွင့်ရဖို့အရေးတွင်လည်း အမေသည် ကျွန်တော့်ရှေ့ကမားမား မတ်မတ် ရပ်ပေးခဲ့သည်။ အမေ့မေတ္တာဓာတ်နှင့် အမေ့ဓမ္မစွမ်းအား ကို မလွန်ဆန်နိုင်ကြ၍လားမသိ၊ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသော ကျွန် တော်၏ ထွက်ခွာခွင့်သည်များ မကြာမီ အောင်မြင်ချောမွေ့သွားခဲ့ သည်။ သည်နောက် အမေ့ခြေရာနင်း ကာ ဓမ္မရိပ်တွင် ဘဝကို ပုံအပ်သော အချိန်များ၌လည်း အမေသည် ဆရာသမားကောင်းတို့ကို ညွှန်ပြ ပေးခဲ့သည်။ ငယ်စဉ်က အဝတ် အစားဝတ်ရာတွင် ချေးများတတ် သော၊ တော်ရုံနှင့် စိတ်တိုင်းမကျ တတ်သော ကျွန်တော့် စရိုက်ကို အမေသိထားသည်မို့ ကျွန်တော့် စရိုက်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ဆရာသမားကိုလည်း အမေကပဲ ရွေးချယ်ပေးခဲ့သည်။ သို့မဟုတ်လျှင် ကျွန်တော့်ရင်ထဲက ကောက်ကျစ် တတ်သော ကိလေသာက နိုးထလာ ပြီးလျှင် တရားရှာတရားအားထုတ် ရာတွင် အဆင်မပြေဖြစ်မည်ကို အမေစိုးရိမ်ဟန်တူသည်။သဒ္ဓါတရားအရှိန်အဟုန် ကောင်းတုန်း နုသစ်စဓမ္မအာရုံတွေ ကြည်လင်လတ်ဆတ် နေတုန်းမှာ ဝမ်းတွင်းပါ ကိလေသာဓာတ်ကို အနိုင်ယူထားလေမှ တော်ကာကျပေမည်။ သို့နှင့် အမေနှစ်ပေါင်း များစွာအားထုတ်ဖြည့်ဆည်းခဲ့သော မဟာစည်ရိပ်သာကြီးဟူသော ဓမ္မရိပ်၌ပင် အမေ့ကျေးဇူးလည်းဆပ်၊ အမေ့ဓမ္မရိပ်ကိုလည်း အားဖြည့်သောအားဖြင့် ဝါတွင်းသုံးလတိုင်တိုင် ရဟန်းဝတ်ဖြင့် တရားအားထုတ် ဖြစ်ခဲ့သည်။ သည်တုန်းက အမေသည်လည်း ရိပ်သာ၌ပင် တရားအားထုတ်ရင်းက သားဖြစ် သူ၏ ဓမ္မလမ်းကြောင်းဖြောင့်တန်း စေဖို့ အမေက အနန္တမေတ္တာဖြင့် ရင်အုပ်မကွာ ကူညီဖေးမပေးခဲ့သည်။ ဆွမ်းချိန်ရောက်တော့လည်း ”ဒါလေးက ငါ့သားရဟန်းကြိုက် တတ်တာ၊ ဖျော်ရည်ချိန်ရောက် တော့လည်း ”ဒါလေးဘုဉ်းပေးရရင် ငါ့သားရဟန်း အားအင်ပြည့်ဖြိုးပြီး ကျန်းမာရေးကောင်းမှာ၊ ဒါဆိုရင် ဓမ္မအလင်းရောင်ကို ပိုမိုထွန်းညှိနိုင် မှာပေါ့” စသည်ဖြင့် ပြောလည်း ပြောဆိုလည်းဆို၍ ဝတ်ကြီးဝတ် ငယ်ပြုစုရှာသည်။ တရားစစ်သော ဆရာတော် ထံမှလည်း သားဖြစ်သူ၏ ဓမ္မလမ်း ကြောင်းအခြေအနေကို အမြဲနားစွင့် နေခဲ့သည်။ သားရဟန်း၏ ဓမ္မ အပေါ်တန်ဖိုးထားတတ်ပုံနှင့် စူးရှ သော ဓမ္မအမြင်၊ တည်ကြည်ခိုင်ခံ့ လာသော သမာဓိတို့ အကြောင်းကို ကြားရသည့်အခါ အမေ့ခမျာ ဝမ်း သာဂုဏ်ယူ၍ မဆုံးနိုင်တော့၊ မခံမရပ်နိုင်လောက်အောင် ကိုက် နေသည့်သွားဝေဒနာကြီးကို ဆောင် ယူရင်းက သားရဟန်းထံ ဖျော်ရည် လာကပ်သည့်အခိုက် သားရဟန်းထံ မှ အဖိုးတန် ဓမ္မစကားကို ကြားရသည့်အခါ ရောဂါဝေဒနာတို့ ရုတ်ချည်းပျောက်ကွယ်သည့်အလား အမေခံစားရပုံတွေကိုလည်း မှတ်မိ နေသေးတော့။

အေးမြသော ဓမ္မအရိပ်၊ ဆရာ သမားကောင်းတို့၏ အဆုံးအမ အရိပ်အပြင် အမေ့၏ အနန္တမေတ္တာ အရိပ်တို့ပါ ပေါင်းစပ်လိုက်သော အခါ ‘ဥပေက္ခာအဝန်းအဝိုင်း’ ဟူ သော ဓမ္မစာမူတစ်ပုဒ်သည် ကျွန် တော့်ရင်ထဲမှ မွေးဖွားလာခဲ့သည်။ ကျင်လည်ရာအာရုံ အဓိပတိသည် ဓမ္မဖြစ်နေသဖြင့် ဓမ္မဟူသည် ‘အေး မြခြင်းထက် အေးမြခြင်း’ ပါလားဟု ခံစားနားလည်ခဲ့မိသည်မှာလည်း အမေ့ကျေးဇူးကြောင့်ပင်။အမေ့ ပင်ကိုစရိုက်အရ၊ အချို့ သော အမေ့အပြုအမူ အပြော အဆိုတို့သည် တစ်ခါတစ်ရံ မိသားစု ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ မရှိတတ်သော်လည်း မိုးညှင်းသိင်္ဂီ ဆရာတော်၏ ”အမေမှားလည်း အမေမှန်တယ် အဖေမှားလည်း အဖေမှန်တယ်”ဟူသော အဆုံးအမ ဖြင့် အမေ့အပေါ်နားလည်ပေးနိုင် ခဲ့သည်။ အမေ့မေတ္တာအနန္တကို တစ်ဆံစမျှ မယွင်းမပျက်စေအောင် ထိုအဆုံးအမက ပံ့ပိုးပေးနိုင်ခဲ့သည်။ အမေ့မေတ္တာကို တန်ဖိုးထား သဘောပေါက်ပေးနိုင်ခဲ့သည့် ထို အဆုံးအမကိုလည်း အမြဲဦးထိပ် ထားလာနိုင်ခဲ့သည်။အမေတည်းဟူသော အဓိပတိ အာရုံဖြစ်လာသောအခါ ဝိညာဏ ဓာတ်၌ ပြုခဲ့ပြီးသော အာရုံ အဟောင်းတို့သည်လည်း အသစ် တစ်ဖန် အသက်ဝင်လာပြန်သည်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ Mother India ဇာတ်ကားထဲက အမေ၊ ငယ်တုန်းကဖတ်ခဲ့ရသည့် မက္ကဇင်ဂေါ်ကီရဲ့အမေ၊ ဘဘဦးသုခ ရဲ့ အမေနေ့ ဟောပြောပွဲဆီက ”အမေ”လို့ အော်လိုက်တဲ့ အထက် ဘဝဂ်တိုင် ကြားနိုင်တဲ့ဘဘရဲ့အသံ၊ အို…စုံလို့ပါပဲ။ အသံတွေရော ပုံရိပ်တွေရောပေါ့၊ မှုန်ဝါးဝါး ဖြစ်နေရာကနေ ကြည်လင်ပြတ် သားလာလိုက်ကြတာ။ ဟော-အခုလည်း ကြည့်လေ။ မနက်ခင်း နှင်းပွင့်တွေကြား လမ်းလျှောက်ရင်းက ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးထဲဝင်လိုက်သည့်အခါ ထူးအိမ်သင်၏ အမေသီချင်းများ ဗီစီဒီအခွေရဲ့ ပုံရိပ်တွေက ဆီးကြိုနေပြန်သည်။‘ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ’ တို့၊ ‘အေးမြတဲ့ အမေ့ရဲ့ မေတ္တာအရိပ်နဲ့ ဝေးခဲ့သူမို့ တစ်ခါ တလေပြန်လည်တွေး - အလိုလို ကိုယ်ကြေကွဲ’တို့ ဆိုတဲ့စာသားတွေ နဲ့ ပုံရိပ်တွေ၊ အမေ့မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ နှလုံးသားကို အရှိန် အဟုန်ပြင်းပြင်းနဲ့ ရိုက်ခတ်ပြန်ပါ ကောလား။လက်ဖက်ရည်ဆိုင်ထဲက ပြန် ထွက်လာ၊ နှင်းမှုန်တွေ လွင့်ကျနေ တဲ့ အရုဏ်ဦးမှာ လမ်းလျှောက်ရင်း ကတစ်နေ့ကပြည့်ခဲ့တဲ့သီတင်းကျွတ် လပြည့်နေ့အကြောင်း စဉ်းစားမိ ပြန်သည်။ သြော်- ဘုရားရှင်သည် ဘဝခြားခဲ့ပြီဖြစ်တဲ့ အဝေးက မေမေ (မယ်တော်မိနတ်သား)ရဲ့ ကျေးဇူး တရားကို အဘိဓမ္မာ တရားတော်နဲ့ ဟောပြောကျေးဇူးဆပ်ပြီး လူ့ပြည်ကို ပြန်လည်ဆင်းလာတဲ့နေ့ပါလား။ ဒါကြောင့်မို့ သီတင်းကျွတ် ကာလ အခါသမယမှာ မိခင်၊ ဖခင်တွေရဲ့ ကျေးဇူးတရားကို သတိရစေဖို့ ဘုရားရှင်ကိုယ်တော်တိုင် ရှေ့ ဆောင်လမ်းပြခဲ့တာပါလားဟု နားလည်ခံစားနေမိသည်။ သတ္တဝါအားလုံးအပေါ် မေတ္တာပွားပို့သည့်အခါ ” မိခင်သည် တစ်ဦးတည်းသောသားကို ချစ်မြတ်နိုးသကဲ့သို့ ၄င်းနှင့်တူသောမေတ္တာစိတ်ကို သတ္တဝါအားလုံး အပေါ်၌ပွားများရာ၏ ” ဟူ၍ နှလုံးသွင်းခံယူ အပ်ကြောင်း မေတ္တသုတ်တော်လာ ဘုရားရှင်၏ အဆုံးအမ ကိုလည်း သတိရလိုက်မိသည်။သည်တစ်ခါ အမေ့ထံပါး အမေ့ခြေဖဝါးထက်၌ ကျွန်တော့် နဖူးဖြင့် ထိ၍ ရှိခိုးကန်တော့ပန်း ဆင်သည့်အခါ အမေ့အား သားဖြစ် သူ၏ ရင်တွင်းစကားများကို သည် လိုပြောကြားဖြစ်မည် ထင်ပါသည်။”အမေနဲ့ ဝေးနေပေမယ့် ဘုရားရှင်ကိုယ်တော်မြတ်ကြီး သဗ္ဗေ ညုတ ဥာဏ်တော်ကြီးနဲ့ ညွှန်ပြခဲ့တဲ့ အမေ့ကျေးဇူး၊ အမေ့မေတ္တာတရား တွေကို အမြဲအောက်မေ့လျက်ပါ။ အမေ့ရဲ့ အနန္တကျေးဇူးဆိုတာ ဆပ်လို့မကုန်နိုင်ပေမယ့် အမေ လိုလားတဲ့ ဓမ္မလမ်းကြောင်းပေါ် လျှောက်ရင်းနဲ့ မမေ့မလျော့မပေါ့ မဆတဲ့ အသိတရားနဲ့ နေထိုင်ပြီး သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ အကျင့်သုံးပါးကို ရိုရိုသေသေကြိုး စားအားထုတ်ရင်း အမေ့ကျေးဇူးကို အချိန်တိုင်းမှာ ဆပ်နေပါတယ် အမေ။ ပြီးတော့ ဆရာတော်ဓမ္မ ဘေရီအရှင်ဝီရိယရဲ့”လူဆိုတာ ယုံကြည်ထိုက်သူ ဖြစ်အောင် ရိုးသားရမည်။အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။ လေးစားထိုက်သူ ဖြစ်အောင် စင်ကြယ်ရမည် ”ဆိုတဲ့ အဆုံးအမနဲ့ညီအောင် နေထိုင်ကျင့်ကြံခြင်းဖြင့် အမေ့ ကျေးဇူးကို အမြဲဆပ် နေပါတယ် ဆိုတာ အမေယုံကြည်ထားပါ အမေ..”ဒီအဓိဋ္ဌာန်စကားလေးကိုတော့ အဝေးကမေမေ ကြိုသိနေမှာပါ လေ။

(အနန္တမေတ္တာရှင်အမေများနှင့် အဝေးရောက်အမေ့သားများသို့..)
မြသန်းစံ်

2 comments:

Ngwe Ain San said...

" အမေမှားလည်း အမေမှန်တယ် အဖေမှားလည်း အဖေမှန်တယ် "
အဲဒီ စကားလေး ကြိုက်တယ်

Jeff said...

မှတ်မှတ်ရရ အမေများနေ့မှာ အမေကိုသတိရလို့ လာလည်သွားပါတယ်.....ကျေးဇူးအများကြီးပါ.....