Sunday, January 04, 2009

ရွေးကောက်ပွဲဝင်ရောက်မည်မဟုတ်ကြောင်း NLD တာဝန်ရှိသူမှ ထုတ်ဖော်ပြောကြားခြင်း

မကွေးတိုင်း NLD က မြန်မာအစိုးရ အနေဖြင့် လက်ရှိအတည်ပြုထားတဲ့ အခြေခံဥပဒေကို မပြင်ဆင်ပါက ၂၀၁၀ ရွေးကောက်ပွဲကို NLD အနေနှင့် ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း မကွေး NLD မှ ဒေါ်ခင်စောဋ္ဌေးနှင့် BBC ဆက်သွယ်မေးမြန်းချက်တွင် ပြောကြားသွားပါသည်။

ဒေါ်ခင်စောဋ္ဌေးရဲ့ ဆက်သွယ်ပြောဆိုချက်များ သည် NLD အဖွဲ့ချုပ်ရဲ့သဘောထား ဟုတ်၊ မဟုတ်ဆိုတာ ရှင်းလင်းစွာမသိရသော်လည်း ဒေါ်ခင်စောဋ္ဌေးကတော့ NLD အဖွဲ့ချုပ် CEC ရဲ့သဘောထားမျိုး၊ သူ့အနေဖြင့် NLD ရဲ့ပြောရေးဆိုခွင့် ရှိသူတစ်ဦးပုံစံမျိုး BBCမှ ထုတ်လွှင့်သွားခဲ့ပါသည်။

၎င်းသတင်း အပေါ် NLD CEC မှ ဝေဖန်ချက် မပေးဘဲ NLD ပြောရေးဆိုခွင့် ရှိသူအဖွဲ့မှ သူတို့အနေဖြင့် ဒေါ်ခင်စောဋ္ဌေးရဲ့ပြောကြားချက် များကို တာဝန်မယူနိုင်ကြောင်း၊ NLD ဗဟိုအနေဖြင့် လက်အောက်ခံ တိုင်းနှင့် ပြည်နယ်၊ မြို့နယ် NLD အဖွဲ့များကို NLD ၏မူဝါဒများနှင့် ပတ်သက်၍ မီဒီယာများသို့ ဆက်သွယ် ပြောကြားခွင့်မပြုကြောင်း၊ ဒေါ်ခင်စောဋ္ဌေးအနေဖြင့် ပုဂ္ဂလိကခံစားချက်ဖြင့် ပြောကြားခြင်းဖြစ်နိုင် ကြောင်း သိရှိရပါသည်။

ဒေါ်ခင်စောဋ္ဌေး၏ ပြောကြားချက်များကြောင့် NLD အတွင်း ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေး အတွက် အောက်ခြေအဖွဲ့ဝင်များ အကြား အမျိုးမျိုးသဘောထား ကွဲလွဲနေပြီး ဗဟိုအဖွဲ့ မှ တိတိကျကျ ဆုံးဖြတ်ညွှန်ကြားပေးရန် လိုလားလျက်ရှိနေပါသည်။ မန္တလေးတိုင်း NLD အနေဖြင့် ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးဗဟိုမှညွှန်ကြားချက် ဘာမှမရသေးကြောင်းနှင့် ဒေါ်ခင်စောဋ္ဌေးအနေဖြင့် ပုဂ္ဂိုလ်ရေးထင်ပေါ် ကျော်ကြားလိုမှုကြောင့် NLD ၏ ပြောရေးဆိုခွင့် အဖွဲ့ကိုဂရုမစိုက်ဘဲ မီဒီယာများသို့ တိုက်ရိုက် ဆက်သွယ်ပြောကြားခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါသည်။ ဒေါ်ခင်စောဋ္ဌေး၏ BBC သို့ပြောကြားချက်အရ
မကွေးတိုင်းရဲ့ ရပ်တည်ချက်နှင့် သဘောထားများကိုစုစည်းပြီး ဗဟိုကိုဆက်လက်တင်ပြသွားရန် စီစဉ်လျက်ရှိ နေကြောင်း NLD အဖွဲ့၏လှုပ်ရှားမှုများတွင် ဒေါ်ခင်စောဋ္ဌေးသည် ယခင်က ထူးခြားသည့် အစဉ်အလာ မရှိကြောင်းနှင့် မကွေးတိုင်းအတွင်း လက်တလော တက်တက်ကြွကြွှရှိနေကြောင်း သိရှိရပါသည်။

No comments: