မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ဟာတနင်္ဂနွေနေ့ မှာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့  ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ ဂမ်ဘာရီဟာ စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူအဖွဲ့၊ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်၊ ရန်ကုန်က နိုင်ငံခြား သံတမန်များအဖွဲ့၊ ကျန်းမာ ရေးဝန်ကြီး၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာစေရေး ကြားဝင် ညှိနှိုင်းပေးဖို့အတွက် မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် စနေနေ့ထဲက ရောက်ရှိနေတာဖြစ်ပါတယ်။ စနေနေ့ကတော မစ္စတာ ဂမ်ဘာရီ ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့လည်းမစ္စတာ ဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံး သတင်းနဲ့ ပြန်ကြားရေးအရာရှိကပြောပါတယ်။ အခုလောလောဆယ် အချိန်အထိ မစ္စတာ ဂမ်ဘာရီ အနေနဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေဆုံခွင့်ရ/မရ ဆိုတာကတော့တိတိကျကျ မသိရသေးပါဘူး။

No comments:
Post a Comment