Monday, February 02, 2009

မွန်ပြည်သစ်ပါတီအပေါ် ဒေသခံမွန်လူမျိုးများထောက်ခံမှုကျဆင်းနေခြင်း


စစ်အစိုးရအပေါ် သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ (၇) ကြိမ်မြောက်ပါတီညီလာခံကို ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ ပါတီဌာနချုပ်မှာကျင်းပခဲ့ပါတယ်။ ပါတီထိပ်ပိုင်းခေါင်း ဆောင်များအတွင်း အုပ်စုများကွဲနေပြီး အချင်းချင်းသင့်မြတ်မှုလည်းမရှိတဲ့အတွက် ဥက္ကဌ နိုင်ထောမွန် ကို ထောက်ခံတဲ့ပါတီဝင် အနည်းငယ်သာ တက်ရောက်ခဲ့ပါတယ်။ ပါတီညီလာခံမှာ ဗဟိုကော်မတီ ရဲ့ပါတီအခြေခံနိုင်ငံရေးလမ်းစဉ်ကိုဆွေးနွေးပြင်ဆင်အတည် ပြုခဲ့သလို ဗဟိုကော်မတီဝင်များ ကိုလည်း အသစ်ပြန် လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီမှာ လက်အောက်ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ခံရတဲ့သူကတော့ ပါတီဗဟိုအလုပ်မှုဆောင်၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ကော်မတီအတွင်းရေးမှုး၊ စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် နိုင်အောင်နိုင် ဖြစ်ပါတယ်။ ဗိုလ်ချုပ် နိုင်အောင်နိုင် ဟာ မွန်ပြည်သစ် ပါတီနဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကို တစ်စုတည်းဖြစ်စေဖို့ ကြိုးပမ်းခဲ့တဲ့ အတွက် ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ပါတီအတွင်းမှာလည်း နိုင်ငံရေးသမားများက ကြီးစိုးချယ်လှယ်နေပြီး အရေးပါတဲ့နေရာတွေကို ယူထားပါတယ်။ မွန်အမျိုးသားများလွတ်မြောက်ရေးအတွက် အသက်စွန့်ကြိုးပမ်းကာကွယ်တိုက်ခိုက်ခဲ့ကြတဲ့ မွန်အမျိုးသားလွတ် မြောက်ရေး တပ်မတော်က လူတွေကတော့ နေရာမရဘဲချောင်ထိုးထားခြင်းခံနေရပါတယ်။

(၇)ကြိမ်မြောက်ပါတီညီလာခံမှာ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြောင်း၊ ၂၀၁၀ ပါတီစုံရွေးကောက်ပွဲမှာလည်း မွန်ပြည်သစ်ပါတီက ၀င်ရောက်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နှောက်ယှက် ခြင်း၊ ထောက်ခံအားပေးခြင်းများ ပြုလုပ်မှာမဟုတ်ကြောင်း၊ ပါတီစုံရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့အစိုးရအဖွဲ့သစ်နဲ့ ပြန်လည်တွေ့ဆုံမှာ ဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အပစ်ခတ်ရပ်ဆဲရေးအဖွဲ့တစ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲအခြေခံဥပဒေကို လေ့လာသုံးသပ်သွားမှာဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီရဲ့ စစ်တပ်ကို ဖျက်သိမ်းပါက တော်လှန် ရေးအင်အားစုအနေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ် ခဲ့ပါတယ်။

ပါတီညီလာခံကျင်းပနေချိန်အတွင်းမှာလည်း ဗဟိုကော်မတီဝင်အသစ်ရွေးချယ်ခြင်းနဲ့ ညီလာခံရဲ့ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် သဘောထားကွဲလွဲပြီး ဗိုလ်မှူးကြီး နိုင်ကောင်းရွက် နဲ့ ဗိုလ်မှူးကြီး နိုင်မြင့်ဆွေ တို့က ဗဟိုကော်မတီဝင်အဖြစ်မှနှုတ်ထွက်ခဲ့ပါတယ်။ ဒုဥက္ကဌ နိုင်ရော့စ ကလည်း ညီလာခံကျင်းပရာနေရာကနေပြီးအိတ်ဆွဲကာဒေါသတကြီး ထွက်ခွါသွားခဲ့ပါတယ်။ ဥက္ကဌ နိုင်ထောမွန် ဟာ မွန်ပြည်သစ်ပါတီနဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကို ဘယ်သောအခါမှ ခွဲခြားမထားပါဟု ပါးစပ်ကအမြဲပြောဆိုနေလည်း လက်တွေ့မှာတော့ပြောင်းပြန်ဖြစ်နေပါတယ်။ သူကိုယ်တိုင် ချမှတ်ထားတဲ့ အထူးတည်ဆောက်ရေး(၃)ရပ် ကတော့ လက်တွေ့မှာအံဝင် ခွင်ကျမရှိဘဲ အခက်အခဲများနဲ့ ကြုံတွေ့နေရပြီး ဒေသခံမွန်လူမျိုးတို့ရဲ့ထောက်ခံမှုလည်း တဖြည်းဖြည်းကျဆင်းလာတာကိုတွေ့ရပါတယ်။

ပါတီထိပ်ပိုင်း ခေါင်းဆောင်များအတွင်းမှာ အုပ်စုတွေကွဲနေပြီး သူ့အုပ်စု၊ ကိုယ့်အုပ်စု အသွင်ဆောင်နေတဲ့အပြင် ဒုဥက္ကဌ နိုင်ရော့စ၊ နိုင်ကောင်းရွက်၊ နိုင်မြင့်ဆွေ တို့အုပ်စု နဲ့ ဥက္ကဌ နိုင်ထောမွန်၊ နိုင်သော်ရှိန် တို့အုပ်စု အကြားစီးပွားရေးနယ်မြေလုအတွင်းကြိတ်ပြဿနာ များအပြင် နိုင်ဟန်သာ ကလည်း ဥက္ကဌ၊ ဒုဥက္ကဌတို့ကိုကျော်ပြီး တစ်စင်ထောင်ဖို့လက်သိပ်ထိုးလှုပ်ရှားနေတဲ့အတွက် ပါတီဝင်များအနေ ဖြင့် ပါတီပြိုကွဲသွားမည်ကို အထူးစိုးရိမ်လျက်ရှိကြောင်းသိရှိရပါတယ်။

No comments: