ပထမအကြိမ် လူထုကျန်းမာရေးလုပ်သား များ မွေးထုတ်ပေးနိုင်ရန်အတွက် အခြေခံ လူထု လူ့အခွင့်အရေး ပညာပေးဌာန (GHRE)မှ ယခုနှစ် ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် ကျန်းမာရေးသင်တန်းကို စတင်ခဲ့သည်။
ဖန်ငခရိုင်အတွင်းရှိ ဒေသအသီးသီးမှ အမျိုးသားနှင့် အမျိုးသမီး အရေအတွက် တန်းတူပါဝင်သော ငယ်ရွယ်သည့် သင်တန်းသား ၁၃ ယောက်ကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ယခုသင်တန်းဖြစ်မြောက်ရန်အတွက် ယုံကြည်ချက်၊ မျှော်လင့်ချက်၊ အိပ်မက်များနှင့် စတင်ခဲ့သူမှာ မဲဆောက်အခြေစိုက် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းတွင် ကျောပိုးအိတ် ဆေးမှူးဖြစ်သည်အထိ သင်ကြားခဲ့သောဆေးမှူးကိုအောင်ကြည် ဖြစ်ပါသည်။ ကိုအောင်ကြည်သည် GHREမှ ကျန်းမာရေးဌာန တာဝန်ခံဖြစ်ပြီး ယခုကျန်းမာရေးသင်တန်းကိုလည်း GHREမှ တာဝန်ယူ ထောက်ပံ့ ပေးခဲ့သည်။
ကိုအောင်ကြည်သည် များပြားလှသော၊ ပျံ့ကျဲစွာသော ဒေသအသီးသီးတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား သူတစ်ဦးတည်းဖြင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မဖြစ်နိုင်ကြောင်း နားလည် လက်ခံထားပါသည်။ ထို့ကြောင့် သူ့မှာရှိသော အရည်အချင်း အသိပညာများအား ဆင့်ပွားပေးနိုင်ရန်နှင့် သူ့ကိုယ်စား လူထုထဲတွင် လွယ်လင့်တကူ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်ရန် ဤကျန်းမာရေး သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပါသည်။
GHRE အနေဖြင့် ထိုကျန်းမာရေး သင်တန်းသားများကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ပို့ပြီး ကျန်းမာရေး ပညာရပ်များ ဆက်လက်မလေ့လာခင် ပထမခြေလှမ်းအနေဖြင့် မိမိဒေသရှိ ရွှေ့ပြောင်းအလုပ်သမား လူထုအတွင်း ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ တိုးတက်စေရန်အတွက်လည်း ရည်ရွယ်ပါသည်။
ဤသင်တန်း ဖြစ်မြောက်အောင်မြင်စေရန် ကိုအောင်ကြည်ကို အားဖြည့်ကူညီခဲ့သူများမှာ ကိုအုဏ်းအုဏ်း၊ မပိုပိုနှင့် အခြား GHREမှ ဝန်ထမ်းများ ဖြစ်ကြပါသည်။ ထို့အပြင် ကိုအောင်ကြည်၏ လမ်းညွှန်ချက်ဖြင့် ပါမောက္ခ Maggie Greenberg, R.N., Ph. D.နှင့် ပါမောက္ခ Bob Greenberg, M.Dတို့မှ သင်တန်းကာလ တလျှောက်လုံး သင်ကြားပေးခဲ့ကြသည်။ Maggie မှာ နယူးမက်ဆီကို တက္ကသိုလ်မှ ပြုစုကုသရေးဌာန ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ပြီး Bobမှာ ထိုတက္ကသိုလ်မှ ကလေးသူငယ် အထူးပြုဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများ ဖြစ်ကြပါသည်။ Maggieနှင့် Bobမှာ လွန်ခဲ့သော ၂ဝဝ၇ခုနှစ် ဇွန်လမှ စတင်၍ (၂)လတာ စေတနာ့ဝန်ထမ်းများအနေဖြင့် တစ်ကြိမ်၊ ယခု ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှ နောက်ထပ် (၂)လတာ တစ်ကြိမ်အား ဂျူး-အမေရိကန် ကမ္ဘာတဝှမ်းကူညီရေးအဖွဲ့ (AJWS)၏ အထောက်အပံ့ဖြင့် GHRE တွင် လာရောက်ကူညီပေးနေခြင်းဖြစ်သည်။ တက္ကသိုလ်များ၌ နှစ်ပေါင်းများစွာ သင်ကြားပေးလာခဲ့ရသော သူတို့၏ ရင့်ကျက်သော ကျွမ်းကျင်မှု အတတ်ပညာများနှင့် စာသင်ခန်းတွင်းနှင့် အခြားသင်ကြားခြင်းများကိုပါ ထည့်သွင်း သင်ကြားပေးခဲ့ပါသည်။
ဤလူထုကျန်းမာရေးလုပ်သား သင်တန်းတွင် ပါဝင်သော သင်ခန်းစာများမှာ-
၁) မိတ်ဆက်ခြင်းအနေဖြင့် အရေးကြီးသော လူမှုစီးပွား၊ စိတ်ပညာ၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုစသော ဘက်ပေါင်းစုံမှ ကျန်းမာရေးနှင့် သက်ဆိုင်သော ခန္ဓာဗေဒအရ ရောဂါကာကွယ်ခြင်းနည်း ဥပဒေသသတ်မှတ် ပြဌာန်းချက်များ၊
၂) ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် (အဓိက လူ့ခန္ဓာကိုယ်တွင် စနစ်တကျလုပ်ဆောင် နေမှုများ)
၃) ရောဂါကူးစက်ခြင်း (ကူးစက်ရောဂါများကို ခန္ဓာကိုယ်မှ အလိုအလျောက်တုံ့ပြန်မှု စနစ်နှင့် ကူးစက်ရောဂါများ၏ သဘောသဘာဝ)
၎) အရေပြား (အရေပြားကလပ်စည်းများ ထိခိုက်မှုအား ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှု)
၅) အသက်ရှင်မှုဆိုင်ရာ လက္ခဏာ (သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်ခြင်းနှင့် ခန္ဓာကိုယ်၏ အသက်ရှူမှု၊ အပူချိန် စသည်တို့ကို ကိရိယာများနှင့် စနစ်တကျတိုင်းတာ စစ်ဆေးခြင်း)
၆) လူနာမှတ်တမ်း ကောက်ခံခြင်း (လူနာတစ်ယောက်၏ နောက်ကြောင်းရောဂါ ရာဇဝင်များကို စနစ်တကျ ကောက်ယူခြင်းနှင့် လူနာအား နားလည်လာစေရန် ပြန်လည်ပြောပြခြင်းများ)
၇) ရှေးဦးသူနာပြုစုခြင်း (အရေးပေါ်အခြေအနေအတွက် ရှေးဦးသူနာပြုစုခြင်း လုပ်ငန်းစဉ်များ)
၈) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး (လူနာများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားနေရမှုများကို သိမှတ်နိုင်ရန်နှင့် ပထမအဆင့်အနေဖြင့် စနစ်တကျပြင်ဆင်တုံ့ပြန်နိုင်ရန် လုပ်ဆောင်ရမည့်အရာများ)
၉) ယေဘူယျ ဆေးကုသမှုဆိုင်ရာ ပြဿနာများ (ရောဂါတစ်ခုထက်မကသော လူနာများကို ထိရောက်လွယ်ကူစွာ ကူညီပေးနိုင်ရန်)
၁ဝ) မိခင်နှင့် ကလေးကျန်းမာရေး (ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး ပြဿနာများကို အထူး ဖြေရှင်းကူညီရန် နည်းလမ်းများ)
၁၁) ကာကွယ်နည်းလမ်းများ (တစ်ဦးခြင်း၊ မိသားစုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်မှ ရောဂါမဖြစ်ရန် ကာကွယ်လိုက်နာရမည့် နည်းနာများ)
၁၂) သဘာဝဘေးအန္တရာယ်များအား စနစ်တကျ စီမံခန့်ခွဲခြင်း (သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ၌ ရှိသော လူထုအား စည်းရုံး၍ မည်သို့မည်ပုံကူညီကယ်ဆယ်ရန် နည်းလမ်းများ)
၁၃) မှတ်တမ်းအချက်အလက် (လူနာအားလုံးနှင့် သက်ဆိုင်သည့် မှတ်တမ်းမှတ်ရာများကို သူတို့၏ လုံခြုံစိတ်ချမှုကို အာမခံနိုင်ရန် ဂရုတစိုက် သိမ်းဆည်းပုံများအား သင်ကြားပေးခဲ့ပါသည်။)
သင်တန်းအား နည်းလမ်းများစွာဖြင့် သုံးသပ်မှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။ ၄င်းတို့မှာ-
၁) မေးခွန်းများနှင့် သင်တန်းသားများအား ရေးဖြေစေခြင်း၊
၂) ကျောင်းသားအချင်းချင်း အရည်အချင်းသုံးသပ်မှုများကို အပြန်အလှန်လုပ်ခိုင်းခြင်း၊
၃) ကိုအောင်ကြည်မှ သင်တန်းသူ သင်တန်းသားများအား လူထုတွင်းသွားရောက် ကုသသည့်အချိန်များတွင် သူနှင့် တွဲဖက်၍ လက်တွေ့ လုပ်ဆောင်စေခြင်းများ၊
၎) ကျန်းမာရေး လုပ်သားများသည် မိမိတို့ ပတ်ဝန်းကျင်မှ လူနာမှတ်တမ်းများကို ကိုယ်တိုင်ကောက်ယူ သိမ်းဆည်းရမှာ ဖြစ်သလို ကိုအောင်ကြည်မှ ပုံမှန် သူတို့၏ မှတ်တမ်းများကို စစ်ဆေးသွားခြင်းတို့ ဖြစ်သည်။
ကိုအောင်ကြည်သည် လူထုကျန်းမာရေး လုပ်ငန်းများအတွက် သွားရောက်သည့်အခါ ထိုကျန်းမာရေး လုပ်သားများနှင့် လက်တွဲလုပ်ဆောင်ခြင်းဖြင့် လူထုလက်ခံမှုရသည်အထိ လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။
ဤသင်တန်းတွင် စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ တိုးတက်ချင်သောဆန္ဒများ၊ မျှော်လင့်ချက်များဖြင့် ကျန်းမာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုးစားသင်ယူ လေ့လာခဲ့ကြသည်။ ထို့ကြောင့် အလုပ်သမားများ တဖြစ်လဲ သင်တန်းသားများ၏ ပူးပေါင်းပါဝင်မှု၊ ၄င်းတို့၏ သံဓိဌာန်အတွက် ပြန်လည်ထောက်ပံ့မှုနှင့် လိုအပ်သော ဆေးပစ္စည်း ကိရိယာများကို ဝယ်ယူထောက်ပံ့ရန် အလှူငွေများလိုအပ်နေပါသေးသည်။
Grassroots Human Rights

No comments:
Post a Comment