Wednesday, April 29, 2009

မြန်မာ့ ထူးခြားအံ့ဖွယ် ဟိုပုံးမြို့အနီးက အလွန်ကြီးမား ရှည်လျားသော ထမ့်စန်း သဘာဝ လှိုဏ်ဂူတော်ကြီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏အရှေ့ဘက် ဟိုပုံးမြိုအနီး တွင်ရှိသော ထမ့်စန်းသဘာဝလိုဏ်ဂူတော်ကြီးတွင် ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာတည်တံ့ ပြန့်ပွားရေးအတွက် သာသနာပိုင်းဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအား ဟိုပုံးကိုရင်လေး အရှင်ပေါရိဿမှဦးဆောင် လျက်ရှိပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏အင်အားဖြင့် ၂ဝဝ၉ ခုနှစ်ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့တွင် စတင်ပန္နက်တင်ခဲ့သည်ဟု သိရသည်။

ဟိုပုံးကိုရင်လေး၏ပြော ကြားချက်အရ အဆိုပါ လိုဏ်ဂူတော်ကြီးများသည် ကျောက်စာဂူ၊ဘုရားလိုဏ်ဂူ၊ဂမ္ဘီရဂူ ဟူ၍ တြိဂံပုံစံဖြင့် လိုဏ်ဂူတော်ကြီး(၃)ခု ရှိသည်။ ဘုရားလိုဏ်ဂူတော်ကြီးအတွင်းတွင် အံ့မခမ်းဖွယ်ရာ သဘာဝကျောက်စက် ပန်းဆွဲများ၊စမ်းချောင်းများအပြင် ဂူ(၂)ဆင့်(၃) ဆင့်ရှိပြီး သဘာဝငွေထီးတော်၊ ကျောက်ယပ်တောင်၊ သဘာဝတံခါး၊ ပြတင်းများထူးခြား အံ့ဖွယ်ရှိနေပါသည်။ ဂူအတွင်းပိုင်းပေ(၄၂ဝဝ)တွင် ရှိသောပတ္တမြားအရောင်အဆင်း ရှိနေသော ပတ္တမြားဂူအထိသာ ဝင်ရောက်ခဲ့ခြင်းရှိသေးသည်ဟု သိရှိရသည်။ အဆိုပါ လိုဏ်ဂူသည် မည်မျှရှည်လျားသည်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဟိုပုံး ကိုရင်လေးမှ လျှပ်တစ်ပြက်သတင်းဂျာနယ် သို့မိန့်ကြားပါသည်။

ယခုအချိန်တွင် ပထမအဆင့် အနေဖြင့် ပေ(၄ဝဝ)ကျော်အထိသာ သာသနာပိုင်းဆိုင်ရာ တည်ဆောက် ရေးများကို စတင်နိုင်သေးကြောင်းသိရှိရသည်။ ဂမ္ဘီရဂူအတွင်းတွင်လည်း ရှေးဟောင်း ဂမ္ဘီရပစ္စည်းများ,များစွာရှိနေကြောင်းသိရှိရသည်။ ဆက်လက်ပြီး ဟိုပုံးကိုရင်လေးမှ ''ကိုရင်လေး(၉)နှစ်သားကတည်းက ဒီလိုဏ်ဂူတွေကိုစပြီးတွေ့ရှိခဲ့တာပါ။ အဲဒီမှာ အစောင့်အရှောက်တအားများတယ်။ ဒီကနေ့ အချိန်တန်တော့မှ ဖော်ဆောင်ရတော့တာ၊ ဒီနေရာကဂူထဲမှာ ကိုရင်လေးတရားကျင့်ခဲ့တယ်။ အဲဒီအချိန်က ဒီနေရာမှာ လူဆိုး၊ နတ်ဆိုးတွေ အရမ်းများတယ်။ အခုတော့ အားလုံးအေးချမ်းသွားပြီ''ဟု မိန့်ကြားပါသည်။ ဟိုပုံးကိုရင်လေးသည် ဘုရားပေါင်းရာနှင့်ချီ၍ပြုပြင်ထိမ်းသိမ်းကာ သာသနာပြု ခဲ့ပြီးဖြစ်သည်ဟုသိရှိရသည်။

ထမ့်စန်းလိုဏ်ဂူတော်ကြီးတွင် ရပ်နီးရပ်ဝေးမှ လူပေါင်းရာ နှင့်ချီ၍လုပ်အားကုသိုလ်ပြုလျက် ရှိကြသည်။ဟိုပုံးကိုရင်လေးမှ ကိုရင်လေးကျောင်းတိုက် သို့လည်းကောင်း၊ ဘုရားသို့ လည်းကောင်း၊ လိုဏ်ဂူတော်ကြီးသို့လည်းကောင်း၊ လာရောက်ကြကုန်သောဘုရားဖူးနှင့် လုပ်အားကုသိုလ်ရှင် ရာနှင့်ချီပြီး နေ့စဉ် (၂၄)နာရီ သားသတ် လွတ်ထမင်းကျွေးလျက်ရှိသည်ကို တွေ့ရသည်။ ဟိုပုံးကိုရင်လေးကျောင်းတိုက်သည် ဟိုပုံးမြို့၏အရှေ့ဘက် (၅)မိုင်ခန့်အကွာတွင်တည်ရှိပြီး ထမ့်စန်းလိုဏ်ဂူတော်ကြီးသည် တောင်ကြီးမြို့၏အရှေ့ဘက်(၂၅)မိုင်ခန့်အကွာ တာချီလိတ်သို့သွားရာလမ်းမကြီးနံဘေး တွင်တည်ရှိသည်။

သတင်း-သံလျက် ဓါတ်ပုံ-ဇင်မင်းဆွေ
http://www.snapshot-news.com/modules.php?name=News&file=article&sid=18897

No comments: