Tuesday, March 20, 2012

တရုတ်နွယ်ဖွား မြန်မာ နိုင်ငံသားများကို ဒေါ်အောင်ဆန်း စုကြည် မဲဆွယ်

    မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေကြသော တရုတ်နိုင်ငံ ကုမ္ပဏီများနှင့် တရုတ်ကုန်သည်များ အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွား အပေါ် စိုးရိမ်မှု ဖြစ်ရန် မလိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ရှိဒသခံပြည်သူလူထုအားယမန်နေ့ကမဲဆွယ်ဟော ပြောစဉ်ထိုသို့  ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တချို့က တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကို ခြိမ်းခြောက်နေသံတွေ ကြားနေရတယ်၊ NLD နိုင်ရင် သူတို့ အကျိုးစီးပွား ကို ထိခိုက်မယ် ဆိုပြီးတော့ပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျမတို့ဟာ အနောက်နိုင်ငံတွေနဲ့ အင်မတန် နီးစပ်တယ် ဆိုပြီးတော့ ခြိမ်း ခြောက်နေတယ်လို့ ကြားနေရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာတည်စကပင် ပထ၀ီအနေအထားအရ အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ပြဿနာ ဖြစ်ပွားမှု နည်းပါးကြောင်း၊ NLD အနိုင်ရလျှင်လည်း တရုတ်လုပ်ငန်းရှင်များ၏ အကျိုးစီးပွား နစ်နာဆုံးရှုံးစေမည့်ကိစ္စများ လုပ်
ဆောင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
၎င်းက “NLD ရဲ့မူဝါဒ က ကိုယ့်နိုင်ငံသားတွေ နစ်နာမယ့် အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး၊ အလားတူပဲ စီးပွားရေး လာ လုပ်ကြတဲ့ တခြားသူတွေ ထိခိုက်မယ့် ကိစ္စကိုလည်း မလုပ်ပါဘူး”ဟု ဆိုသည်။
လားရှိုးမြို့သည် စီးပွားရေးအရ အရေးပါသည့် နယ်စပ်မြို့တခု ဖြစ်ပြီး ရှမ်း၊ ၀၊ ပလောင်၊ လားဟူ၊ ကချင်၊ ဗမာ စသည့် တိုင်း ရင်းသား လူမျိုးများနှင့် တရုတ်လူမျိုးများ နေထိုင်ကြကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်၍ စစ်တိုင်းမှူး အဆင့်ထား ရှိသည့် နယ်စပ်မြို့တခုဖြစ်သည်။
လားရှိုးမြို့၏ အဓိကကျသည့် စီးပွားရေး လုပ်ငန်းများကို တရုတ်လူမျိုးပိုင် ကုမ္ပဏီများက ပိုင်ဆိုင်ကြပြီး ကုန်သွယ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ မြို့၏ အချက်အချာ ကျသည့် ရပ်ကွက်များတွင်လည်း တရုတ် လူမျိုးများသာ နေထိုင်ကြကြောင်း သိရသည်။
“လားရှိုးမြို့က မန္တလေးလိုပါပဲ၊ အချက်ကျတဲ့ ရပ်ကွက်တွေ၊ စီးပွားရေး လုပ်ငန်းအားလုံးဟာ တရုတ်လူမျိုးတွေ က ပိုင်ဆိုင်နေကြ ပါတယ်” ဟု NLD ပါတီကိုယ်စားပြု၍ လားရှိုးမြို့မှ ယှဉ်ပြိုင်မည့် ဦးစိုင်းမြင့်မောင် က ဧရာဝတီ ကို ပြောသည်။
လားရှိုးမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) လည်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီက မဲဆွယ်ရာ၌ NLD ပါတီသည် အနောက်နိုင်ငံများနှင့်နီးစပ်သည့်အတွက် ၎င်းတို့ကို ထောက်ခံမဲပေးပြီး အနိုင်ရလာပါက တရုတ် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိခိုက်နိုင်ကြောင်း မဲဆွယ် စည်းရုံးနေသည်ဟု ဦးစိုင်းမြင့်မောင် က ပြောဆိုသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လားရှိုးဒေသ၌ NLD ၊ ကြံ့ခိုင်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ (SNDP) ၊ လားဟူ၊ ကိုးကန့် စသည့် ပါတီများ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“တရုတ်တွေကလည်း ကျနော်တို့ကို ထောက်ခံပါတယ်၊ မြို့ခံအများစု က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားမှု ရှိတော့ ကျနော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးစိုင်းမြင့်မောင် က ဆိုသည်။
လားရှိုးဒေသခံ တရုတ်လူမျိုးများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်နီးစပ်သူများ ဖြစ်၍ စီးပွားရေး လုပ်ပိုင်ခွင့် ရရှိထားသူ များဖြစ်ပြီး အများစုသည် မြန်မာနိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်နေသူများဖြစ်ကြောင်း၊ လားရှိုးမြို့၌ မဲပေးနိုင်သူ ဦးရေ တ သိန်း ၃ သောင်းကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၄ သိန်း ၀န်းကျင် ရှိကြောင်း သိရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တရုတ်နယ်စပ် ယူနန်နယ်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့်ရှမ်းပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများသို့ ၀င်ရောက်လုပ်ကိုင်ရန် အခြေချ နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားကို တရားမ၀င် နည်းလမ်းများဖြင့် ရရှိခဲ့ကြသည်ဟုလည်း စွပ်စွဲချက်များ ရှိခဲ့သည်။
မြန်မာပြည်ဖွား မဟုတ်ဘဲ မြန်မာနိုင်ငံသား ဖြစ်သွားသည့် တရုတ်လူမျိုး အရေအတွက် မည်မျှရှိသည်ကိုမူ မသိရသေးပေ။

လောကနတ်များအကြောင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အကျင့်ပျက်၊ ကိုယ်ကျိုးဖက်၊ ထင်ရာစိုင်း၊ မိန်းမကြောက်၊ အာဏာ/နေရာရူး၊ ငယ်သားတွေကို လက်ကိုင်ဒုတ်လုပ်၊ အပေါ်ဖားအောက်ဖိ လောကနတ် လုပ်နေကြသော အရာရှိများကို လျှို့ဝှက် စုံစမ်းစစ်ဆေးပြီး ဖယ်ရှားပေးဖို့တင်ပြပါတယ်၊ သူတို့တွေက အောက်လက်ငယ်သားတွေကို သားတပည့်လို သဘောမထားပဲ ခိုင်းကျွန်အဆင့်လောက်သာ သတ်မှတ်နေကြပါတယ်၊

သူတို့မိန်းမ/အထက်အရာရှိ တွေနှင့် အဆင်မပြေတာများရှိခဲ့ရင်လည်း သူတို့ဒေါသတွေကို ငယ်သားတွေ အပေါ်မှာပဲ ထိုးလိုထိုး၊ ကန်လိုကန်၊ ဆဲလိုဆဲနှင့် အမျိုးမျိုး ရင်ဖွင့်နေကြပါတယ်၊

ခုချိန်မှာ အရပ်သားတွေကတော့ ထိုက်သင့်သလောက် ဒီမိုကရေစီဆိုတဲ့အခွင့်အရေးကို ခံစားခွင့်ရကြတယ်လို့ကြားသိနေရပါတယ်၊ ကျနော်တို့ကတော့ ခုချိန်ထိ ဖေါ်ပြပါ အရာရှိတွေရဲ့ကြိုးနီစနစ် အုပ်ချုပ်ပုံတွေကို ခါးစည်းခံနေကြရတုန်းပါပဲ။

နိုင်ငံတော်က ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေပေမည့် ရဲတပ်ဖွဲ့မှာ အုပ်ချုပ်နေကြတဲ့ ဟိုမရောက် ဒီမရောက် အရာရှိတွေကတော့ ပုလိပ်ခေတ်က မူ အတိုင်းပဲ ကျင့်ကြံနေကြပါတယ်၊

ဒီမိုကရေစီစနစ်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ပြည်သူတွေကို လမ်းမှန် စနစ်မှန်ဖြစ်အောင် ထိမ်းသိမ်းနေရတဲ့ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဟာ မိမိကိုယ်တိုင် မလိုက်နာရင် ပြည်သူတွေကိုလည်း လိုက်နာခိုင်းဖို့ မလွယ်ပါဘူး ကျနော်တို့အောက် လက်ငယ်သားတွေဟာ ပြည်သူတွေနှင့် နေ့စဉ် ထိတွေ့နေရလို့ သူတို့တွေရဲ့ သဘောထားတွေကို ကောင်းကောင်း သိပါတယ်၊ မသိတာကတော့ ရဲအုပ်ကနေ ရဲမှူးချုပ်ထိလို့ ပြောရမှာဖြစ်ပါတယ်၊ ထိုင်ခုံကမထ စိတ်ထင်တိုင်း ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေကြလို့ပါပဲ၊

သူတို့တွေ အမြဲနိုင်ကွက်လုပ်နေတဲ့စကားကတော့ မင်းတို့ အရည်အချင်းတွေကို ရဲတပ်ဖွဲ့ပေတံနှင့် တိုင်းမယ် တဲ့၊ ကျနော့်အမြင်ပြောရမယ် ဆိုရင် သူတို့ပြောတဲ့ ပေတံနှင့်သာ တိုင်းရင် ရဲချုပ်နှင့်ပြည်ထဲရေးဝန်ကြီးတောင် ပလ္လင် ပျောက်သွားနိုင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ပြောတဲ့ရဲပေတံ ဆိုတာ အမြင်ကပ်ရင်ကန်ချဖို့ ကိုလိုနီခေတ်က ကျင့်သုံးခဲ့တဲ့ နည်းလမ်း ဆိုတာ ရဲချုပ်ကြီးလည်း သိမယ်ထင်ပါတယ်၊

နောက်တစ်ခုက ဒီမိုကရေစီနီိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိ ရဲလက်စွဲဥပဒေကို ပြန်လည် ပြင်ဆင်သင့်ပါတယ်၊

ဒီဥပဒေအတိုင်း ဆိုရင် အထက်က ဘာပြောပြော ဟုတ်တာရော/မဟုတ် တာရော အကုန် လိုက်လုပ်နေရတော့တာပါပဲ၊ ခိုင်းတာ နည်းလမ်းမမှန်လို့ တင်ပြရင်လည်း ခံပြောတယ် ဆိုပြီးတော့ အရေးယူတာ ခံနေကြရတာပါပဲ၊ အောက်လက်ငယ်သားများကိုသာ အစဉ် အရေးယူတာမျိုးတွေ တွေ့မြင်နေရပြီး အထက်အရာရှိတွေ အောက်လက်ငယ်သားတွေကို မမှန်တာလုပ်လို့ အရေးယူတယ် ဆိုတာ မကြားဖူးသလောက်ပါပဲ၊ လက်ရှိ ရဲကျင့်ဝတ်ဥပဒေမှာလည်း ပြဌာန်းထားတာ မတွေ့ရပါဘူး၊ ဒါတွေကိုအခွင့်ကောင်းယူပြီး သူတို့တွေ ထင်ရာစိုင်း လုပ်နေကျပါတယ် ခင်ဗျာ။


ပြန်ကြားရေးဝန်ကြီးပြောတဲ့ အချက် ၅ ချက်

မတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်ကျင်းပသည့် အမျိုးသား သတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းမီဒီယာများနှင့် ပတ်သက်၍ အချက် ၅ ချက် ပြောကြားခဲ့သည်။

ဝန်ကြီးဦးကျော်ဆန်းပြောခဲ့သည့် အချက် ၅ ချက်မှာ -

၁ ။ စာပေ၊ စာနယ်ဇင်း မဏ္ဍိုင်ဟာ ဘက်မလိုက်ဖို့ အရေးကြီးကြောင်း၊
၂ ။ အကြောင်းအရာတရပ်ကို ရေးသားဖော်ပြတဲ့အခါ ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ဖို့အတွက်ရှုထောင့်တခုတည်းက မရေးပဲ ဘက်စုံထောင့်စုံ ဖြစ်အောင် ရေးသားဖော်ပြရန်၊
၃ ။ အဲဒီလိုရေးသားတဲ့အခါမှာလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို အမြဲယှဉ်တွဲ ကျင့်သုံးပြီးတော့မှ ရေးသားဖော်ပြပေးရန် (လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားဆိုသည်မှာ လွတ်လပ်မှုနဲ့ ကျင့်ဝတ်ကို ယှဉ်တွဲထိန်းသိမ်းခြင်းလို့ ရည်ညွှန်းပါတယ်)၊
၎ ။ ယနေ့ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီစနစ် ဖြစ်တာနဲ့အညီ လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်၊ ယူဆနိုင်ပါတယ်၊ ထင်မြင်နိုင်ပါတယ်၊ ကွဲပြားခွင့်ရှိပါတယ်။ သို့သော်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အဲဒီလို ကွဲပြားတဲ့ကြားမှာ Unity in democracy ဆိုတာလည်း ရှိသင့်တယ်လို့ မြင်ကြောင်း၊ ဒါကြောင့် Unity in democracy ကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန်၊
၅ ။ အဲဒီလို Unity and democracy ကို ဖော်ဆောင်ကြတဲ့အခါမှာ ပျိုးထောင်ကြတဲ့အခါမှာ အမျိုးသားရေးကို အခြေခံရန် တို့ ဖြစ်သည်။
အခမ်းအနားအပြီးတွင် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ စကားလက်ဆုံကြခဲ့ကြပြီး ပွဲတက်ရောက်လာသူ သတင်းထောက်များလည်း အာရုံစိုက်ခဲ့ကြပါသည်။
ကိုအောင်ဇော်က ပြည်ပမှ သတင်းထောက်များအတွက် Journalist visa ကို တလအထိ တိုးပေးဖို့၊ Minister of press freedom ဖြစ်ဖို့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းအား ပြောခဲ့သည်။
ဦးကျော်ဆန်းကလည်း ဒီမိုကရေစီဆိုတာ ပြည်သူအများရဲ့ ဆန္ဒကိုဖော်ဆောင်နိုင်တဲ့ စနစ်ပဲ ဖြစ်ကြောင်း၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ရင် တိုင်းပြည်မှာ ဘာမှလုပ်၍ မရနိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ဗီဇာကိစ္စနှင့်ပတ်သက်၍ It is the beginning ဟု ပြောကြားသွားခဲ့သည်။
ဝန်ကြီးဦးကျော်ဆန်းက ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တရင်တနှီး စကားပြောဆိုသွားပါသည်။


No comments: