ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင် တဦးဖြစ်သူ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသော ပဒို မန်းငြိမ်းမောင်ကို ယနေ့နံနက်တွင်အင်းစိန်ထောင်မှ ပြန်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။
“သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပုဒ်မ ၄၀၁ ရယ်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနက် ၈ နာရီက လွှတ်ပေးပြီးတော့ အခု အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) ရုံးကို ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပဒို မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ပဒို မန်းငြိမ်းမောင်ကို မိခင်အဖွဲ့အစည်းဖြစ်သည့် KNU သို့ မကြာမီ ပြန်လည်ပေးပို့မည်ဟုလည်း သိရသည်။
ပဒို မန်းငြိမ်းမောင်အား နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် အင်းစိန် အထူးတရားရုံးက မတ်လ ၁၃ ရက်နေ့တွင် စီရင်ချက်ချထားခဲ့ရာမှ ယခု ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပဒို မန်းငြိမ်းမောင်ကို မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းကတရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှု များဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီး ကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန် ၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက်တင် တရားစွဲခံခဲ့ရသည်။

No comments:
Post a Comment