Tuesday, March 06, 2012

ပြင်ဦးလွင်၌ ရဲစခန်းတွင် အမှုဖွင့်ပါက ကျပ်ငါးသောင်း ပေးရဟု စွပ်စွဲ

ရန်ကုန်၊ မတ် ၅

မြန်မာနိုင်ငံ၏ သာယာအလှပဆုံး တောင်စခန်းမြို့ ဖြစ်ပြီး မြို့နာမည် ငါးခုထက် မနည်း ပညတ်ခေါ်ဝေါ် ကြသည့် ပြင်ဦးလွင်မြို့၌ အမှုအခင်းများ အတွက် ရဲစခန်းတွင် တိုင်ကြားလိုပါက အမှုတစ်ခုလျှင် ကျပ်ငါးသောင်း ပေးနေရကြောင်း ယင်းဒေသခံများ၏ စွပ်စွဲ ပြောကြားချက်များအရ သိရသည်။
" မြို့ခံတွေ အမှုသွားဖွင့်ရင် ငွေပေးနေရလို့ တော်ရုံတန်ရုံ အမှုဆို အမှုမဖွင့် ဖြစ်ကြတော့ ဒုစရိုက်သမား တွေကို အခွင့်အလမ်း သာစေနိုင်တယ် " ဟု ပြင်ဦးလွင်မြို့ ညံတော ရပ်ကွက်တွင် နေထိုင်သူ အငြိမ်းစား စက်ရုံမှူး တစ်ဦးက ပြောကြားသည်။
ပြင်ဦးလွင် မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း အမျိုးသမီးများ၏ ခန္ဓာကိုယ် နောက်ပိုင်းကို ဓားဖြင့် ထိုးမှုကြောင့် အမျိုးသမီးများ အထိတ်တလန့် ဖြစ်ခဲ့ကြရ သော်လည်း အမှုဖွင့် တိုင်ကြားသူမှာ နည်းပါးခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အမှုအတွက် အမှုဖွင့် တိုင်ကြားထားသည့် အမျိုးသမီး သုံးဦးသာ ရှိပြီး တရားခံဟု ယူဆရသူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကို ဖေဖော်ဝါရီလ ဒုတိယပတ်က ဖမ်းဆီးရမိ ထားကြောင်း ပြင်ဦးလွင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။
အမှုတစ်ခု အတွက် ကျပ်ငါးသောင်း ပေးရသည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍မူ အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက " မဟုတ်ပါဘူး။ အဲဒါတွေက ကောလာဟလပါ " ဟု မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် The Voice Weekly သို့ ဖြေရှင်း ပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် နှစ်ပေါင်း သုံးဆယ်ကျော် လုပ်ကိုင်ခဲ့ဖူးသည့် အငြိမ်းစား ရဲအရာရှိ တစ်ဦးကမူ အမှုအခင်းများ လိုက်လံစုံစမ်း ဖော်ထုတ်ရာတွင် ကုန်ကျစရိတ်များ အတွက် အစိုးရက ပေးအပ်သည့် စရိတ်များမှာ ယခင် နှုန်းထားများသာ ဖြစ်သောကြောင့် လက်ရှိ ဈေးနှုန်းများနှင့် သဟဇာတ မဖြစ်တော့ကြောင်း ရှင်းပြသည်။
လာဘ်ပေး လာဘ်ယူမှုများ ပပျောက်ရန်နှင့် ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေး အတွက် ဝန်ထမ်းလစာ တိုးမြှင့်ရန် ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အဆိုတင်သွင်း ထားခဲ့ပြီး၊ အစိုးရအဖွဲ့ ခေါင်းဆောင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကမူ လောလောဆယ် ဝန်ထမ်းလစာ တိုးရန် မဖြစ်နိုင်သေးဘဲ လစာတိုးခြင်း အစား လစာ မဟုတ်သော ထောက်ပံ့ ကူညီမှုများ တိုးမြှင့်ရန် စဉ်းစား ဆောင်ရွက်သွားမည်ဟု မတ်လ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပြောကြားသည့် သမ္မတ မိန့်ခွန်းတွင် ပါဝင်သည်။
the voice weekly

No comments: