၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မနက်မှာ တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်း စုကြည်နေအိမ်ကို KNU ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ KNU အဖွဲ့က အဖွဲ့ဝင်တွေနဲ့ NLD ပါတီဥက္ကဌ ဒေါ်စုကြည်တို့ တစ်ဦးချင်း မိတ်ဆက်ကြပြီး ဒီလိုတွေ့ဆုံရခြင်းအပေါ်မှာ KNU အဖွဲ့ဝင်တွေအနေနဲ့ များစွာ ၀မ်းမြောက်ရကြောင်း ပြောကြားခဲ့ပါတယ်။ KNU အဖွဲ့တွေ အနေနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ နိုင်ငံတော် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ သဘောတူညီချက်တွေ ရရှိထားပြီ ဖြစ်ကြောင်းနဲ့ ၄င်းတို့ အနေနဲ့ နှစ်ပေါင်း (၆၀) ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို အပြီး အဆုံးသတ်ဖို့ ကို ဒုတိယအဆင့်အနေနဲ့ အကောင်အထည် ဖော်နေကြကြောင်း၊ မေလ အတွင်းမှာလည်း တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားသေးကြောင်း၊ ၄င်းတို့အနေနဲ့ ယခုလို အပစ်အခတ် ရပ်စဲရေးဟာ ကရင် တစ်မျိုးသားလုံး အတွက်သာ မဟုတ်ဘဲ တစ်တိုင်းပြည်လုံး အတိုင်းအတာ အထိတောင် ဆောင်ရွက် သွားဖို့ကို ဆန္ဒရှိပါကြောင်း၊ သမ္မတကြီးကိုလည်း တွေ့ဆုံခွင့်ရရှိခဲ့ပြီး သမ္မတကြီးအနေနဲ့လည်း ငြိမ်းချမ်း ရေးကို အမှန်တကယ်လိုလားသော ဆန္ဒရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေး ရယူ ရာမှာ အဆင့် (၄) ဆင့်နဲ့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အဲဒီလိုဖြစ်တဲ့အတွက် တိုင်းရင်းသား တွေရဲ့ ဘ၀လုံခြုံရေး၊ စားနပ်ရိက္ခာ၊ အသက်မွေး ၀မ်းကြောင်းမှုပိုင်းဆိုင်ရာ လုံခြုံရေးတို့ကို အဓိကထားပြီး ဆွေးနွေး ဖြစ်ခဲ့ကြကြောင်း။ စစ်ပြေးဒုက္ခသည် တိုင်းရင်းသားတွေကို စနစ်တကျ ပြန်လည် နေရာချထားရေး နဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာထိကို အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးဟာ တိုင်းပြည်အတွက်ကို အမှန်တကယ် လိုအပ်ချက်ဖြစ်ကြောင်း၊ NLD ပါတီ ဥက္ကဌဒေါ်စုကြည်ရဲ့ အပစ်အခတ် ရပ်စဲရေး မူဝါဒကို ၄င်းတို့အနေနဲ့ ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေး ဆိုတာ လက်နက်ကိုင် တိုက်နေရုံနဲ့ မရဘူးဆိုတာ သိရှိခဲ့လို့ နိုင်ငံရေးဆိုသော စားပွဲဝိုင်းကို ၀င်ရောက် လာခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိ နားလည်တဲ့အတွက် နောက်မဆုတ်တမ်း ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုးတက်မှုတွေမှာ လက်တွဲ ဆောင်ရွက်နေကြသူများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို တန်းတူရရှိအောင် ကြိုးစားသွားကြမှာ ဖြစ်ပါကြောင်း ပြောဆို ခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဆက်လက်ပြီးတော့ NLD ပါတီဥက္ကဌ ဒေါ်စုကြည်က အစိုးရနဲ့ KNU ကြား ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးတာကို ၄င်းအနေနဲ့ ကြိုဆို ထောက်ခံ ပါကြောင်း၊ မိမိတို့ပါတီ အနေနဲ့လည်း ပြည်သူက ရွေးချယ် တင်မြှောက်ခြင်းကို ခံရလို့ မကြာမီ အချိန်မှာ လွှတ်တော် အတွင်းကို ရောက်တော့မှာ ဖြစ်တဲ့အတွက် ၄င်းတို့ ပါတီ အနေနဲ့ လွှတ်တော် အတွင်း/အပြင်ကနေပြီး တိုင်းရင်းသားတွေရဲ့အရေးကို ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ပြည်တွင်း ငြိမ်းချမ်းရေးပေါ်မှာ မူတည် နေတာ ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး အရ ဆွေးနွေးပွဲတွေမှာ ညှိုနှိုင်း အဖြေရှာရမှာ ဖြစ်ပြီး တိုင်းရင်းသားတွေ လိုလားတဲ့ အတိုင်း တန်းတူ ညီမျှ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ပြဌာန်းခွင့် ဖွဲ့စည်းပုံ အရ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် စတာတွေကို အခြေခံပြီး ပြည်ထောင်စု မြန်မာနိုင်ငံ စစ်စစ်ကို ၀ိုင်းဝန်း ကြိုးပမ်းသွားကြဖို့ လိုအပ်ကြောင်း၊ အခု ရင်ဆိုင် နေရတဲ့ အမျိုးသား ပြသနာတွေ အပေါ်မှာ အခြေခံ သဘောတူညီချက်တွေ ရရှိလာတဲ့ အထိ နှစ်ဖက် ညှိုနှိုင်းသွားဖို့ကို လိုအပ်ပါကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး မှသည် စည်းလုံး ညီညွတ်ရေး စတာတွေကို တည်ဆောက်နှိုင်မှသာ အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိကြမှာ ဖြစ်ကြောင်းတို့ကိုပြောကြားခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း တိုင်းရင်း သားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကိစ္စတွေမှာ လိုအပ်ရင် လိုအပ်သလို ၀ိုင်းဝန်း ကူညီပေးဖို့လည်း အသင့် ရှိနေကြကြောင်း၊ နိုင်ငံတကာနဲ့ ပြည်တွင်း အတွေ့အကြုံတွေ အရ ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် တိုင်းပြည်နဲ့ လူထု အကျိုး စီးပွားကို အဓိက ထားပြီးတော့ စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ အဖြေရှာမယ် ဆိုရင် အခက်အခဲ အကြပ် အတည်း ဆိုတာတွေလည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း တို့ကို ပြောကြားခဲ့တယ်လို့ သိရှိ ရပါတယ်။
ဆက်လက်ပြီး ဒေါ်စုကြည်က KNU အဖွဲ့ခေါင်းဆောင် ဒေါ်နော်စီဖိုးရာစိန် တို့နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သတင်းထောက်တွေ၊ ပြည်တွင်း သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ KNU ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်နော်စီဖိုးရာစိန်က ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ တိုင်းပြည်အတွက် အမှန်တကယ်လည်း လိုအပ်ကြောင်း၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ရဖို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေ ဖော်ထုတ်တာ ဖြစ်ကြောင်း၊ ဒီလုပ်ငန်းစဉ်မှာ ပြည်သူတွေနဲ့ အစိုးရက ပါဝင်ဖို့ လိုအပ်ကြောင်း၊ KNU အနေနဲ့ကတော့ ပါတီဖွဲ့ဖို့ကို မဆွေးနွေး ခဲ့ဘူးကြောင်း၊ ဘယ်ပုံစံနဲ့ ရပ်တည်မယ်ဆိုတာ ကိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်မှာပဲ မူတည်ကြောင်း၊ ငြိမ်းချမ်းရေးကို အဆင့် (၄) ဆင့် နဲ့ ဆောင်ရွက်ရာမှာ ပထမအဆင့် အနေနဲ့ အပစ်အခတ်ရပ်စဲမယ်၊ ဒုတိယအဆင့် အနေနဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲမယ်၊ တတိယအဆင့်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက် ဆောင်ရွက်သွားမယ်၊ စတုတ္ထအဆင့် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကို နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်သွားမယ်၊ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံစဉ်က သမ္မတကြီးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ဆန္ဒလည်းရှိတယ်၊ KNU အဖွဲ့တွေကို မတရားအသင်းလို့ ထည့်သွင်း စဉ်းစားတာကိုတော့ ပြန်စဉ်းစားရမယ်လို့ ပြောကြားခဲ့ကြောင်းကို သိရှိရပါတယ်။
ဒေါ်စုကြည်ကလည်း KNU နဲ့ အစိုးရကြား ဆွေးနွေးတာကို ကြိုဆိုကြောင်း၊ တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေး ရတာကိုပဲ မြင်ချင်ကြောင်း၊ တိုင်းရင်းသားတွေကို တရားဥပဒေ စိုးမိုးရေး၊ အပစ် အခတ်ရပ်စဲရေး၊ လက်နက်ကိုင်မရှိ အထွေထွေချုပ်ငြိမ်းရေး အတွက်ကို ပံ့ပိုးကူညီသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်မှာတော့ မတရားအသင်းဆိုတာတော့ မရှိရင်အကောင်းဆုံးပေါ့၊ စစ်မှန်တဲ့ ဒီမိုကရေစီမှာပဲ အားလုံးက ပါဝင်သင့်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို အကျိုးရှိတာတွေရော၊ ဆုံးဖြတ်ချက် ချတာ တွေ ကပါ အရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကို ပြည်တွင်းစစ် ငြိမ်းချမ်းရေး အတွက်က အရေးကြီးကြောင်းတို့ကို ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုတ်သိမ်းကာ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ အနေနဲ့ မွန်းလွဲပိုင်းမှာ ပြန်လည် ထွက်ခွာ သွားကြတယ်လို့ သိရှိရပါတယ်။


No comments:
Post a Comment