Thursday, October 18, 2012

နိုင်ငံရေးကြွက်များ ရောင်းရန်ရှိသည်

-->
          ပြောတော့မပြောချင်ပါဘူး… ဒါပေမယ့်လို့ မပြောမပြီး မတီးမမြည်ဆိုသလို ကိုယ့်အခြေအနေကိုယ် သဘောမပေါက်တဲ့သူတွေ၊ ကိုယ့်ကိုကိုယ် မသုံးသပ်နိုင်တဲ့သူတွေနဲ့ သူများမျက်ချေးသာမြင်တတ်တဲ့သူတွေ အတွက်တော့ ကျွန်တော်တို့လို ဘေးကမြင်မှ ပြောမှ သတိသံဝေဂလေးရမှာမို့ ဆိုရေးရှိက ဆိုအပ်ရာ ဆိုတဲ့အတိုင်း ဆိုပါရစေတော့…
          ဒီနေ့ခေတ်လို ဒီမိုကရေစီ ကနဦး ကာလမှာ အစိုးရက အပြောင်းအလဲတွေကို စိုက်လိုက်မတ်တပ် လုပ်နေတယ်။ တကယ်တော့ ဒီကာလကိုတာဝန်ယူရတဲ့ အစိုးရအနေနဲ့ လေးလံလွန်းတဲ့ ကျောက်တုံးကြီးကို မ ထားရသလို ပင်ပန်းလွန်းပါတယ်.. ကြိုးတန်းပေါ်လမ်းလျှောက်နေချိန်လို့ ပြောရင်လည်းမှားမယ်မထင်ဘူးဗျ… တရုတ်၊ အိန္ဒိယလို အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ သင့်တင့်အောင်ဆက်ဆံရတယ်။ ထိုင်း၊ လာအို ဘင်္ဂလားဒေ့ရှ် တို့နဲ့လည်း ချစ်ကြည်ရေးမပျက်အောင် ကြိုးစားရတယ်။ US နဲ့ အနောက်နိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ ပြည်ပနိုင်ငံရေး အသိုင်းအဝိုင်းတွေနဲ့ လိုက်လျောညီထွေဆက်ဆံရတယ်။ နိုင်ငံတကာပေတံနဲ့ အတိုင်းခံနိုင်အောင် ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်း အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် နိုင်ငံရေးဖော်ဆောင်မှုကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့သွားနေတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတွေကိုလုပ်ရတယ်။ ဒီကြားထဲ ဘင်္ဂါလီကိစ္စ၊ ကချင်ပြည်နယ်ကိစ္စတွေကိုလည်း ဖြေရှင်းနေရတယ်။ ကျွန်တော်သာ အစိုးရအဖွဲ့ဝင် တစ်ဦးဆိုရင် အိပ်လို့တောင် ပျော်မှာမဟုတ်ဘူး။
          ဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ နိုင်ငံရေးလောကထဲ မပေါ်သင့်မပေါ်အပ်၊ မရောက်သင့် မရောက်လာအပ်တဲ့ နိုင်ငံရေးသမားပေါက်စတွေ အလျှိုလျှိုပေါ်လာတယ်။ မိုးကျရွှေကိုယ်တော့မဟုတ်ဘူး… မိုးရွာတုန်းအော်တဲ့ဖားတွေ…နိုင်ငံရေးလုပ်စားသူတွေ… နိုင်ငံရေးအချောင်သမားတွေပေါ့ဗျာ…
          ပညာမတတ်တဲ့သူတွေကလဲ ဆရာကြီးလုပ်ချင်တယ်၊ ပညာနည်းနည်းပါးပါးတတ်သူတွေကလဲ အများကြီး တတ်သယောင် အယောင်ဆောင်ချင်ကြတယ်၊ တကယ်ပညာတတ်သူတွေများကျတော့ စည်လိုပါပဲ မတီးဘဲ မမြည်ဘူး… မတီးဘဲ အသံထွက်နေသူတွေတော့ရှိတယ်… ဥပမာ ကိုမြအေးတို့ မစုစုနွေးတို့…
နိုင်ငံရေးစကားပြောတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ကျွန်တော်ထင်တယ်… အတွေ့အကြုံ အများကြီး လိုတယ်၊ သမိုင်းကြောင်းလည်းလိုတယ်၊ ခေတ်ပေါ် ကိုမြအေး၊ မစုစုနွေးတို့နဲ့ပတ်သက်ပြီး သူတို့သမိုင်း ဘာများရှိလဲ ရှာကြည့်တယ်၊ ဘာမှမယ်မယ်ရရမရှိဘူး။ အမှန်က မပြည့်တဲ့အိုး ဘောင်ဘင်ခတ်နေတာပါ။
          ဘာကြောင့်ပြောရသလဲဆိုတော့ အခုမြန်မာပြည်မှာဖြစ်နေတဲ့ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ အကုန်လုံးဒီလူတွေပါတယ်။ သူတို့ဝင်ပါလို့ တိကျတဲ့အဖြေရသလားဆိုတော့ ဘာအဖြေမှမရဘူး။ ဘာအကျိုးမှလည်းမရှိဘူး။ ပိုပြီးရှုတ်ထွေးတာပဲရှိတယ်။ ပိုက်ကွန်မှာမိနေတဲ့ ငါးလို တစ်ဖျက်ဖျက်တိုးလေ ညိလေပဲ။
          ဒီနေ့ခေတ် ပါလေရာ ငါးပိချက် နိုင်ငံရေးချဉ်ဖက်လို့ပဲပြောရမလား၊ နေရာအတော်တော်များများမှာ တွေ့ရတယ်။ ဖြစ်နေတဲ့ပြဿနာတွေအပေါ် တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေ ဖြေရှင်းပါလိမ့်မယ်။ ဒါမှ မရရင် လွှတ်တော်မှာဆုံးဖြတ်၊ ဒါရလဒ်အမှန်ပဲ၊ သေးတဲ့အမှုကြီးအောင်၊ ကြီးတဲ့အမှု ထောင်ကျအောင်တော့မလုပ်ကြပါနဲ့။
          အနာကုလာစ ကမ္မန္တာ ရှုတ်ထွေးခြင်းကင်းအောင်အလုပ်လုပ်ခြင်းဟာ ၃၈ ဖြာ မင်္ဂလာတရားတော်နဲ့ ညီပါတယ်။ ခင်ဗျားတို့ လုပ်နေတဲ့ အရှုတ်ထုတ်ဇာတ်လမ်းကိုတော့ ရပ်တန်းကရပ်သင့်ပြီ…
          ခေတ်သစ်လယ်ယာစိုက်ပျိုးရေးစနစ်ကို နိုင်ငံတကာအဆင့်မှီသွားမယ်ဆိုရင် တစ်စပ်တည်း လယ်ယာမြေတွေ ဧက ရာ၊ ထောင်၊ ချီပြီး စိုက်ပျိုးရပါမယ်။ ဒီနေရာမှာ အစိုးရက သိမ်းသင့်တဲ့လယ်ယာအချို့လဲ ပါကောင်းပါလာပါလိမ့်မယ်။ တစ်ဦးတစ်ယောက်အကျိုးထက် အများပြည်သူအကျိုး၊ တစ်တိုင်း တစ်ပြည်လုံး အကျိုးကိုကြည့်ရပါမယ်၊ မူလပိုင်ရှင်တောင်သူတွေ မနစ်နာရအောင် ထိုက်သင့်တဲ့ လျော်ကြေးငွေတွေပေးပြီး လုပ်သင့်တာကို လုပ်ရပါလိမ့်မယ်။ အခုဟာက အစိုးရကို မလုပ်ရဲမကိုင်ရဲအောင်တားဆီးနေတာပဲ။ ဒီလို လူစုလူဝေးနဲ့ လမ်းပေါ်တက်ပြီး တစ်ဆိတ်ကို တစ်အိတ် ဖန်တီးမယ်ဆိုရင်တော့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးရာရောက်လို့ အစိုးရရဲ့ ဒီမိုကရေစီခရီးကို ရှေ့တိုးလို့မရအောင် လမ်းပိတ်ပြီးရပ်နေသလို ဖြစ်နေပါလိမ့်မယ်။ အခန့်မသင့်ရင်း Back Gear တောင် ပြန်ထိုးသွားနိုင်တယ်။ ပြည်ပနိုင်ငံတွေရဲ့ အမြင်မှာလဲ ပြည်တွင်း မတည်မငြိမ်ဖြစ်နေတယ်လို့ အထင်ရောက်စေပြီး Investment တွေပါ ထိုးကျသွားနိုင်ပါတယ်။
          ဒီနေရာမှာ ရန်ကုန်၊ ဟံသာဝတီ ကားပွဲစားတန်းက စကားလေးတွေကို ပြေးသတိရတယ်။ ဒီစကားက အတော်လေး Heart ထိတယ်။ “ ဒိုင်ဗင်ထိုးဝင်တယ် ” “ တက်ထိုင်နေတယ်” ဆိုတဲ့ဘန်းစကားလေးတွေပါ။ အဓိပ္ပါယ်က ရောင်းသူဝယ်သူနှစ်ဦး ဈေးတည့်ပြီး အလုပ်ဖြစ်တော့မယ်ဆိုရင် လူတစ်ဦးက သူလဲပွဲစားခ ၀င်လိုချင်တယ်၊ မပေးရင် ပွဲဖျက်မယ်။ ဒီလိုသဘောနဲ့ ဘာမဆိုင်ညာမဆိုင် ကြားကနေ အချောင်ဝင်လာတဲ့ လူမျိုးကိုဆိုလိုတာပါ။ ဒီစကားက ဒီနေ့ခေတ် နိုင်ငံရေးပွဲစားတွေကို ဆုံးမဖို့ အလွန်အင်မတန်မှ အသုံးတည့်တဲ့စကားပဲ။ ဟုတ်တယ် ဒိုင်ဗင်မြအေးတို့ ၊ တက်ထိုင်တဲ့ စုစုနွေးတို့………
          တစ်ကယ်တော့ဗျာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းဟာ အင်မတန်မှနုငယ်ပါသေးတယ်။ အဖူး ဖူးဖို့  အားယူတုန်း ဒီမိုကရေစီ အကင်းဖြစ်စပဲရှိပါသေးတယ်။ အဲဒီအကင်းကမှ အဖူး၊ အပွင်၊့ အသီး ဒီလိုသွားမှာ။ အကင်းလေးကနေ ချက်ချင်းခူးစားဖို့ အသီးသီးခိုင်းလို့တော့မရဘူး။ ကြမ်းကြမ်းတမ်းတမ်း ကိုင်လို့လဲမရသေးဘူး။ ဒါကြောင့် အကင်းဘ၀မှာတင် အရသာကောင်းပါ့မလားလို့ ပြောနေတဲ့ ဒိုင်ဗင်မြအေး… အလုံးထွားပါ့မလားလို့ ဆိုနေသူ စုစုနွေးတို့လို ဒီမိုကရေစီ ဆူးလှည်းကြီးတွေ…တိုင်းပြည်ထဲမှာ မရှိစေချင်ဘူး။
          မြန်မာတွေရဲ့ ယုံကြည်ရာ တစ်ခုရှိတယ်ဗျ…အိမ်မှာ ကြွက်တွေသောင်းကျန်းရင်ဖြေရှင်းတဲ့ နည်းတစ်ခုပေါ့။ ကြွက်ရောင်းရန်ရှိသည် ဆိုပြီး ဆိုင်းဘုတ်ကပ်လိုက်။ မကပ်နိုင်ရင် မြေဖြူခဲနဲ့ဒါမှမဟုတ် မီးသွေးခဲနဲ့ နံရံမှာ ထင်ထင်ရှားရှား ရေးထားလိုက်။ နောက်နေ့ ကြွက်အိုကြီးကနေ ကြွက်သားပေါက်ပါမကျန် အကုန်လစ်ရော… ဒါကြောင့် ကျွန်တော်တို့ နိုင်ငံထဲက မတောက်တစ်ခေါက် နိုင်ငံရေးကြွက်တွေ (အအိုအဟောင်းမှသည် သားပေါက်မကျန်) ထွက်ပြေးစေဖို့ နိုင်ငံရေးကြွက်များ ရောင်းရန်ရှိသည်လို့ နိုင်ငံအနှံ့ စာကပ်လိုက်ကြရအောင်ဗျာ….
 နိုင်ငံရေးကြွက်များ ရောင်းရန်ရှိသည်ဗျို့…….
                                             
  
     နိုင်ငံရေး အယောင်ဆောင်သမားများ ကွယ်ပျောက်စေရေး…ဒို့အရေး

No comments: