
ထိုင်းနိုင်ငံ
ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဦးတိက္ခဉာဏကို ရွှေညဝါ ဆရာတော်
ဦးပညာသီဟနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အားပေးစဉ်
(ဓာတ်ပုံ – ဦးကိုကိုကြီး / Facebook)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းကို
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မီးလောင် ဒဏ်ရာရခဲ့သော သံဃာတော်များ
ဆေးကုသမှုစရိတ် အခက်အခဲဖြစ်နေပြီး အစိုးရက ကတိစကားအတိုင်း တာဝန်ယူရန်
တိုက်တွန်း ပြောဆိုနေကြသည်။
“တောင်းပန်ပွဲ လုပ်တဲ့နေကတည်းက ၀န်ကြီး ဦးလှထွန်း ကိုယ်တိုင်လည်း
ပြောခဲ့တယ်။ ဒီသံဃာတွေအတွက် လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ပေးမယ်ဆိုတဲ့
စကားခင်းသွားတယ်။ ဒီ ဒဏ်ရာရ သံဃာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသ
စရိတ်ကိစ္စတွေဟာ နိုင်ငံတော်အစိုးရမှာ လုံးဝ တာဝန်ရှိတယ်လို့ ဦးဇင်းတို့
သတ်မှတ်ခဲ့တယ်။ သတ်မှတ်ခဲ့တဲ့ အတိုင်းပဲ တောင်းဆိုတဲ့အချိန်တုန်းက ဒါကို
ပြောခဲ့တယ်” ဟု လက်ပံတောင်းသပိတ်တွင် ဒဏ်ရာရသံဃာများ အကူအညီပေးရေး
စုဖွဲ့တာဝန်ယူခဲ့သူ တဦးဖြစ်သည့် ဘ၀အလင်းဆရာတော် ဦးသောဘိတက ဧရာဝတီသို့
မိန့်ကြားသည်။
ဆေးကုသရေး ကုန်ကျစရိတ်အတွက် ထိခိုက်ဒဏ်ရာရ သံဃာများအနေဖြင့်
စိတ်ပူနေရမည်ဆိုပါက ရုပ်ပိုင်းခံစားမှုအပြင် စိတ်ပိုင်း ခံစားမှုလည်း
ထိခိုက်ခံစားရမည်ကို နိုင်ငံတော်အနေဖြင့် အလေးဂရုပြုသင့်ကြောင်း ဆရာတော်က
ဆက်လက် မိန့်ကြားသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကလည်း လက်ပံတောင်း
သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သံဃာများ၏
ကျန်းမာရေး ကုန်ကျစရိတ် အားလုံးသည် မြန်မာအစိုးရမှာသာ တာဝန်ရှိကြောင်း
မကြာသေးခင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မီးလောင်ဒဏ်ရာ ပြင်းထန်သည့် ဦးတိက္ခဉာဏအား ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တွင် လာရောက် ဆေးကုသခံယူမှုအတွက် နိုင်ငံတော်မှ ထိုင်း ဘတ်ငွေ ၁
သန်း၊ လက်ပံတောင်းကော်မရှင်မှ အမေရိကန် ဒေါ်လ ၃၅၀၀ နှင့် တခြား
အလှူရှင်များ၏ လှူဒါန်းငွေ သိန်း ၁၂၀ တို့ဖြင့် လာရောက်ကုသနေကြောင်း၊
မီးလောင်ဒဏ်ရာတွင် ရောဂါပိုးကူးစက်မှု ဖြစ်၍ ထိန်းချုပ်ရန်
အထူးကြပ်မတ်ဆောင်တွင် ထားရှိကုသမှုခံယူခဲ့ရာ ၃ ရက်တာ ကုန်ကျ စာရိတ်မှာ
ဘတ်ငွေ ၁ သန်း ၃ သောင်း ၄ ထောင် ဆေးရုံကုန်ကျစရိတ် တောင်းခံလွှာ
ထွက်လာခဲ့ကြောင်း သိရသည်။
မူလက အားလုံး ကုန်ကျစရိတ်သည် ဘတ်ငွေ ၁ သန်းခွဲခန့်သာ ကုန်ကျနိုင်သည်ဟု
ခန့်မှန်းခဲ့ရာ အမှန်တကယ်ကုသမှု ခံယူရာတွင် အသားအစားထိုးသည့် အဆင့်အထိ
စုစုပေါင်း ဘတ်ငွေ သန်း ၂၀ ကျော် ကုန်ကျနိုင်ကြောင်း ဦးတိက္ခဉာဏ၏
မိသားစုဝင်များထံမှ သိရသည်ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ
ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
ဦးကိုကိုကြီးသည် ယမနေ့က ဘန်ကောက်ဆေးရုံကြီးသို့ သွားရောက်ကာ ဦးတိက္ခဉာဏကို ဖူးမျှော်အားပေးစကား ပြောခဲ့သည်။
“ဆရာတော်က စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ မန္တလေးမှာ ၀န်ချတောင်းပန်တဲ့အကြောင်း
ကျနော်က ပြောပြတော့ သူ့အနေနဲ့လည်း ခွင့်လွှတ်ပါတယ်တဲ့။ ဒါပေမယ့် ဒါမျိုးတွေ
နောက်မဖြစ်ဖို့တော့ လိုတယ်လို့ ဆရာတော်က မိန့်ပါတယ်။ သံဃာတော်တွေကို
ဒီလောက်အထိ ထိခိုက်နစ်နာအောင် လုပ်တာမျိုးဟာ နောက်မဖြစ်သင့်ဘူးလို့
ဆရာတော်က အဲလို မိန့်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
ဦးတိက္ခဉာဏ၏ သမီးဖြစ်သူ မနေသန္တာခိုင်က ယခုကဲ့သို့ ကုသစရိတ်
ကြီးမြင့်သွားခြင်းသည် ဒဏ်ရာမှ အနာများမှ ပိုးဝင်သွား၍ ဖြစ်ကြောင်း
ဧရာဝတီသို့ ပြောသည်။
“အခုဟာက မြန်မာပြည်မှာတုန်းက အနာတွေထဲကဆင့် ပိုးဝင်လာတယ်။ အသားတွေ၊
မကောင်းတဲ့ ဆဲလ်တွေကို ခြစ်ထုတ်ပစ်ရတယ်။ ခြစ်ထုတ်ပစ်တဲ့ နေရာတွေမှာ
ပိုးလုံးဝ မရှိတော့မှ အရေပြားက အစားထိုးလို့ရမယ်။ အခုဟာက ပိုးသတ်တဲ့
အဆင့်ပဲရှိသေးတယ်။ ဆရာဝန် ပြောတာကတော့ နောက် ၂ ပတ်လောက် အနည်းဆုံး
ကြာဦးမယ်” ဟု သူက ဆိုသည်။
ဦးတိက္ခဉာဏ၏ မိသားစုဝင်များလည်း ခြေကုန်လက်ပန်းကျနေပြီး သားဖြစ်သူ
ဒေါက်တာ နေသူရိန်သည် ကျန်းမာရေးဝန်ကြီးကို အခြေအနေပြောပြ အကူအညီတောင်းခံရန်
မြန်မာပြည် ပြန်သွားခဲ့ကြောင်း၊ အထွေအထွေ ဆေးကုသမှု စရိတ် ကျပ်သိန်း ၅
ထောင် ကျော်နိုင်ကြောင်း၊ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ထံသို့လည်း
အခက်အခဲနှင့် အခြေအနေကို အကြောင်းကြားထားပြီး ပြန်ကြားချက် မရသေးကြောင်း
သိရသည်။
မြန်မာသံရုံးမှ တာဝန်ရှိသူတချို့လည်း လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မေးမြန်းကြောင်းလည်း သိရှိရသည်။
ရွှေည၀ါ ဆရာတော် ဦးပညာသီဟ၊ အမေရိန်မှ ထိုင်းသို့ ခေတ္တရောက်ရှိနေသူ
ဦးအောင်ဒင်နှင့် ဦးကိုကိုကြီးတို့သည် ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှု
ခံယူနေသည့် ဦးတိက္ခဉာဏအား သွားရောက် ဖူးမျှော်အားပေးခဲ့ရာ ကုတင်ပေါ်တွင်
ပက်လက်အနေအထားနှင့် ဆေးပိုက်များ အဆက်မပြတ် သွင်းနေသည်ကို တွေ့ရကြောင်း၊
ယခုအဆင့်သည် ပိုးသတ်နေသည့် အဆင့်ဖြစ်ကြောင်း၊ နောက်တဆင့်အနေဖြင့်
အသားအစားထိုးရမည့် အဆင့်ဖြစ်သော်လည်း ယခုအဆင့်သည်ပင် အချိန်ကြာနိုင်ကြောင်း
ဦးကိုကိုကြီးက ဆိုသည်။
ရန်ကုန်မြို့တွင် မီးလောင်ဒဏ်ရာ ကုသမှု ခံယူနေသည့် ကိုရင် သဇ္ဇန သည်လည်း
ရောဂါပိုးဝင်နေပြီး အခြေအနေ မကောင်းသည့်အတွက် ဘန်ကောက်တွင် ဆက်လက်
ကုသမှုခံယူရန် လက်ပံတောင်း စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ကြိုးပမ်းနေကြောင်း သိရသည်။
No comments:
Post a Comment