![]() | ||||
အမေရိကန်ပြည်ထောင်စု
တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ မြန်မာ တိုင်းရင်းသားများ
မိသားစုများမှ လက်ပံတောင်း အရေးတွင် အကြမ်းဖက်ဖြိုခွဲခံရမှုကြောင့်
ထိခိုက် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေကြသော ရဟန်းသံဃာများအတွက်
အလှူငွေများကောက်ခံ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
အလှူငွေ စုဆောင်းကောက်ခံရာတွင် ဦးဆောင်ပါဝင်သူတစ်ဦးလည်းဖြစ်
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌတစ်ဦးလည်းဖြစ်သည့်
ဦးညီညီလွင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" ကျနော်တို့မြို့က မြန်မာတိုင်းရင်းသားများ မိသားစုတွေဟာ
လစဉ်လတိုင်းနီးပါးလိုလို ဘာသာရေး သာသနာရေးပွဲတော်တွေနဲ့ အတော်လေး
ပင်ပန်းနေကြတဲ့အတွက် အလှူခံဖို့ အတွက်ဆိုပြီးတော့ ကော်မတီသီးသန့်စုဖွဲ့
မှုတွေ မလုပ်တော့ဘဲ အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အသင်းသူ အသင်းသားတွေဆီက တတ်နိုင်သလောက် ၀ိုင်းဝန်းပံ့ပိုး စုဆောင်းကောက်ခံခဲ့ကြတဲ့
သဘောပါ။ ရွှေည၀ါ ဆရာတော်ကြီး ဦးပညာသီဟ ကျနော်တို့မြို့ကို လှည့်လည်တရားဟော
ကြွရောက်ခဲ့စဉ်တုန်းကလည်း ကျနော်တို့ မြို့သူမြို့သားတွေကို အမျိုးဘာသာ
သာသနာအရေးကိစ္စတွေမှာ တတ်စွမ်းနိုင်သလောက် ပံ့ပိုးကူညီထောက်ပံ့ကြဖို
့မေတ္တာရပ်ခံ မိန့်ကြားခဲ့တာလည်း ရှိခဲ့ပါတယ်။ ခု လက်ပံတောင်းတောင်
ဆန္ဒထုတ်ဖော်ပွဲ ဖြိုခွဲခံရမှုမှာ မီးလောင်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတွေနဲ့ အတူ
ရွှေည၀ါ ဆရာတော်ကြီးလည်း ထိုင်းနိုင်ငံ ချင်းမိုင်ဆေးရုံကြီးသို့
ခြံရံလိုက်ပါကြွရောက်တော်မူလျက် ရှိပါတယ်။ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊
ပြည်သူတွေနဲ့ ကျနော်တို့ ဒီကမြန်မာတိုင်းရင်းသားများ မိသားစုတွေက
တစ်ညီတစ်ညွတ် တည်း စည်းစည်းရုံးရုံး တစ်သားတည်းထပ်တူ ရှိနေပါတယ်ဆိုတာ
ပြသရာလည်း ဖြစ်တာပေါ့။ " ဟု ဦးညီညီလွင်က ပြောသည်။
ဒဏ်ရာရ ရဟန်းတော်များကို စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်
ငွေကြေးထောက်ပံ့လှူဒါန်းမှုတွေ အားပေးကူညီ ရပ်တည်ပေးခဲ့ကြသည့်
ရခိုင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ရခိုင်ရဟန်းသံဃာ များကိုပါ
ကျေးဇူးဥပကာရ အထူးတင်ရှိကြောင်းလည်း ဦးညီညီလွင်က ဆက်လက်ပြောကြားသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခဲ့ကြသည့် ရဟန်းသံဃာတွေနှင့် ပြည်သူတွေကို
အစိုးရမှအင်အားသုံး အကြမ်းဖက် ဖြိုခွင်းလိုက်သည့်အတွက်
ဝမ်းနည်းစိတ်ပျက်မိကြောင်း အမာရီလိုမြို့ ဇေယျသုခ ကျောင်းထိုင်ဆရာတော်
ဦးနန္ဒ၀ံသက အာရ်ကန်တိုင်းမ်စ်သို့ ယခုလို မိန့်ကြားတော်မူသည်။
" လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေကို ဒီမိုကရေစီ ဖော်ဆောင်နေပါတယ်လို့
ကြွေးကြော်နေတဲ့အစိုးရက ယခုလို အင်အားသုံး အကြမ်းဖက်နှိမ်နှင်း
ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသွားသော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ အတွက်
ဘုန်းဘုန်းနဲ့အတူ ဘုန်းဘုန်း တပည့်တကာတကာမတွေက ထပ်တူထပ်မျှ အထူးကြေကွဲ
ဝမ်းနည်းမှုတွေဖြစ်ရပြီး အစိုးရရဲ့ လုပ်ရပ်ကိုလည်း လွန်စွာစိတ်ပျက်မိပါတယ်။ " ဟု ဦးနန္ဒ၀ံသက မိန့် ကြားတော်မူသည်။
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းမှ အသင်းသူ အသင်းသားများမှ
အကြမ်းဖက် နှိမ်နှင်းမူကြောင့် ဒဏ်ရာရရှိခဲ့ ကြသောရဟန်းသံဃာများအတွက်
အလှူငွေ များထည့်ဝင် လှူဒါန်းကြရာ အမေရိကန် ဒေါ်လာ (၁၅၀၀)ကျော် ရရှိခဲ့ပြီး
ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒ၀ံသထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း
သိရသည်။
အဆိုပါ အလှူငွေ ဒေါ်လာ (၁၅၀၀) ကျော်ကို ရွှေည၀ါဆရာတော် ဦးပညာသီဟထံသို့
လွဲအပ်ပေးပို့ သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးနန္ဒ၀ံသမှ
ဆက်လက်မိန့်ကြားခဲ့သည်။

No comments:
Post a Comment