ပြည်ပမှကားအသစ်အ၀င်များသောကြောင့်မန္တလေးကားဝိုင်း၌ ရောင်းမည့်သူများသာရှိပြီး အောက်ကားဝယ်လက် နည်းပါးကာ အရောင်းဝယ်အေး၍ ဇုန်ထုတ်ဂျစ်အနည်းငယ်သာ အရောင်းအ၀ယ်ရှိနေကြောင်း မန်းကား ပွဲစားအသိုင်းဝိုင်းမှ သိရသည်။
တန်ဖိုးအမြင့်ကားများဖြစ်သည့် လန်ခရုဇာ ဒီဇယ်အင်ဂျင်သည် ပေါက်ဈေးကျပ်သိန်း (၆၅၀) သာရှိ ပြီး ဈေးချရောင်းမှသာ အရောင်း ၀ယ်ဖြစ်ကြောင်း၊ ပါဂျဲရိုး၊ကယ်ဒီးနားစသည့် ဓာတ်ဆီအင်ကားများမှာ ကျပ်သိန်း(၂၀၀)နှင့်(၃၀၀)၀န်းကျင် သာ ဈေးရှိကြောင်း သိရသည်။
“အမြင့်ကားတွေအရောင်းဝယ်မဖြစ်ပဲ၊ အေးနေတာ(၂)လလောက်ရှိသွားပြီ၊ ချရောင်းတာတောင် ၀ယ်လက် က အေးနေတာ။ ဗိုက်နာတဲ့သူတွေ အသစ်လဲစီးချင်တဲ့သူတွေကတော့ ချရောင်းကြ တယ်”ဟု မန္တလေးမှ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကားဈေးကွက်အတွင်း၌ စက်မှုဇုံထုတ်ဂျစ်ကားအနည်းငယ်သာ အရောင်းအ၀ယ်ဖြစ် လျှက်ရှိကြောင်း သိရသည်။
“အခုတလော သိန်း(၃၀)ပတ်ချာလည် စက်မှုဇုံထုတ်ဂျစ်ကားနည်းနည်းပဲ အရောင်းအ၀ယ် ဖြစ်နေတယ်။” ဟု ၀ယ်ရောင်း ဦးပိုင်လင်းထွန်းက ပြောသည်။
ဖားကန့်ကျောက်စိမ်းလုပ်ငန်းများ ရပ်နားထားခြင်းနှင့် မြစ်ကြီးနား လမ်းမကောင်းခြင်းတို့ကြောင့် ၀ယ် လက်အေးခြင်းဖြစ်နိုင်ကြောင်း ကားဝယ်သူတစ်ချို့မှာ အရောင်းပြခန်းများ ကုမ္ပဏီများ၌ သွားရောက် ၀ယ်ယူမှုများကြောင်းနှင့် ဈေးသိချင်မှသာ ကားဝိုင်းသို့လာရောက် စုံစမ်းလေ့ရှိကြောင်းကိုလည်း မန္တလေးမှ ကားပွဲစားများက သုံးသပ်သည်။
“ပေါ်တဲ့ကားမှန်သမျှ အကုန်လာရောင်းကြတယ်။ ရန်ကုန်ဈေးကွက်နဲ့ မန္တလေးဈေးကွက် က(၁၀)သိန်းလောက် ကွာတယ်။ ၀ယ်လက်က မရှိတော့လည်း ဈေးချရောင်းကြရတယ်။ ၀ယ်ရောင်းလည်း မကိုက်ဘူးပွဲစားလည်း မကျန်ဘူး။”ဟု ကားပွဲစားကိုမင်းဦးကပြောသည်။
ကားတင်သွင်းခွင့်ပါမစ်ရပြီးနောက် ဂျပန်၊စင်ကာပူ၊တရုတ်နှင့် အခြား အရှေ့တောင်အာရှ နိုင်ငံများမှ ကားသစ်ဝင်ရောက်မှုများသောကြောင့် မန္တလေးကားဝိုင်းတွင် ကားအရောင်းဝယ်အေးနေပြီး CarShowRoomများ၌လည်း အရောင်းအ၀ယ်ပါးကာ ကားပွဲစားများ စားလောက်ရုံသာရပြီး ယခင်ကလို ပိုလျှံဖို့ မလွယ်ကူကြောင်းကိုလည်း မန်းကားပွဲစားတို့က ဆိုသည်။
လက်ရှိကားဈေးနှုန်းများမှာ တစ်ဖြည်းဖြည်းနှင့် ကျဆင်းလာနိုင်ပြီး လူလက်တန်းစားများပါ ကားစီးနိုင်မည့် အခြေအနေသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်းကိုလည်း ၀ါရင့်ကားပွဲစားတို့က သုံးသပ်နေကြသည်။

No comments:
Post a Comment