ကားအရောင်းပြခန်းဈေးကွက်အတွင်း သိန်းနှစ်ရာအောက်ကားများရောင်းချနေရသော်လည်း ယာဉ်ရောင်း ၀ယ်ရေး စခန်းများ၌ အ၀ယ်ပါးလျှက်ရှိကြောင်း ကားအကျိုးဆောင်များထံက သိရသည်။
အရောင်းပြခန်းများတွင် ရောင်းရသည့် ကားအမျိုးအစားများမှာ Honda Civic ၊ Honda Insight နှင့် Toyota Belta ကဲ့သို့သော
ကားများဖြစ်ပြီး ၄င်းကားများမှာ ၁၈၀ သိန်းမှ ၂၀၀ ၀န်းကျင်ဈေးရှိသည်။
အဆိုပါ ကားများမှာ လူအများလိုက်မီသည့် ဈေးရှိခြင်းကြောင့်
အရောင်းအေးနေသည့် အချိန် အတွင် ရောင်းနေရခြင်းဖြစ်ကြောင်း သိရသည်။
ကားအရောင်းအ၀ယ်ဈေးကွက်များဖြစ်သည့် Car Show Roomများနှင့် ယာဉ်ရောင်းဝယ်ရေး စခန်းများ တွင် 1300 CC ကားများသာ ရောင်းချနေရကြောင်း သိရသည်။ အမြင့်ကားများမှာ အရောင်း မရှိသလောက် နည်းပါးနေကြောင်းကိုလည်း သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုထံမှ သိရသည်။
`` အခုနောက်ပိုင်း စလစ်ဈေးတွေက သိန်း ၉၀ အထက်မှာပဲ ရှိနေတယ်၊ အဲလောက် ဈေးများနေတာ ၀ယ်တဲ့သူ ရှိလားဆိုတော့လည်း ၀ယ်တဲ့သူက မရှိဘူး၊ ဈေးကျရင်တောင်မှ ၀ယ်တဲ့သူ နည်းနေတာ ဒီလောက်ဈေးတက် နေမှတော့ အ၀ယ်က မရှိဘူးဖြစ်နေတယ်၊ ၀ယ်သူရှိပြန်တော့လည်း စလစ် ပိုင်ရှင် တွေက အမြတ်တော်တော်ရမှ ရောင်းမယ့်ပုံဆိုတော့ အရောင်းအ၀ယ် မရှိဘူးဖြစ်နေတာ´´ ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ ပြောသည်။
ထို့အပြင် စလစ်ဈေးများမှာလည်း ၀ယ်သူနည်းပါးသော်လည်း ဈေးမကျဘဲရှိနေကြောင်း သိရှိရသည်။
`ဘ´ စလစ်များ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်ကိစ္စနှင့် ပတ်သက်၍ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။
`` လတ်တလောမှာတော့`ဘ´ အက္ခရာကားတွေ လက်မခံသေးပါဘူး၊ လက်ခံပေးတဲ့ အချိန်ကျရင် ထုတ်ပြန်ပေးသွားမှာပါ´´ ဟု က.ည.နမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်ရက်များက ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကားအနည်းငယ် အရောင်း အ၀ယ် ဖြစ် သော်လည်း နောက်ပိုင်း အရောင်းအေးသွားပြီး ကားဈေးများမှာလည်း ထိုးကျလျက် ရှိနေခြင်း ဖြစ်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ သိရသည်။
``အခုနောက်ပိုင်း ကားဈေးကွက်က တော်တော်ပျက်လာတယ်၊ ဈေးတွေကလည်း တော်တော် ကျလာ တယ်၊ ဒါတောင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကတော့ နည်းနည်း ရောင်းရတယ်၊ ရောင်းရတယ်ဆို တာလည်း အမြတ်မပါဘဲ အရှုံးနဲ့ပါပဲ၊ တစ်စီးကို ပျမ်းမျှ တစ်စီးကို ၈ သိန်း၊ ၉ သိန်း၊ အမြင့်ကားတွေဆိုရင် တစ်စီးကို ၁၅ သိန်းကနေပြီးတော့ ၂၀ သိန်းဝန်းကျင်ထိ ဈေးချရောင်းရတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားကိုထွန်းမှ ပြောသည်။

No comments:
Post a Comment