Monday, February 25, 2013
ဆီးရီးယားနိုင်ငံရှိ အလက်ပိုမြို့တွင် ဒုံးကျည်များ ကျရောက်မှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့မှု အပြီး ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေသော လူအ စုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရမှုအပေါ် နိုင် ငံတကာက တုံ့ပြန်ဆောင်ရွက်မှုများ မရှိသဖြင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများနှင့် ပြုလုပ်ရန်စီစဉ် ထားသောအပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများမှနုတ် ထွက်ကြောင်း ဆီးရီးယား အတိုက်အခံအဖွဲ့ Syrian National Coalition (SNC) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အီတလီ၊ ရုရှားနှင့် အမေရိကန်တို့တွင် ပြုလုပ်မည့်ဆွေးနွေး ပွဲများကို တက်ရောက်တော့မည် မဟုတ်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားရှိ လွတ်မြောက်နယ်မြေများကို ထိန်းချုပ်ရန် အစိုးရသစ်တစ်ရပ်ကို နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်ပြီး ဖွဲ့စည်းသွားမည်ဟု SNC က ကြေညာခဲ့ပြီးနောက် ယခုထုတ်ပြန်ချက် ထပ်မံထွက် လာခြင်းဖြစ် သည်။ အစိုးရသစ်တွင် ပါဝင်မည့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ စာရင်းကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်၌ မတ် ၂ ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ၌ ရွေးချယ်မည်ဖြစ်သည်။
ဆွေးနွေးပွဲများကို သပိတ်မှောက်သည့် ဆုံးဖြတ်ချက်မှာ ဆီးရီးယား ပြည်သူများ အသတ်ခံနေရမှု အား နိုင်ငံတကာက ကြည့်ရုံသာ ကြည့်နေမှုအပေါ် ဆန့်ကျင်သည့် လက္ခဏာဖြစ်ကြောင်း အာရပ်နှင့် အာရပ်မဟုတ်သော နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ အစိုးရများကိုပြသလိုခြင်းဖြစ်ကြောင်း SNC ဥက္ကဋ္ဌ Ahmed Moaz al-Khatib က ပြောကြားခဲ့သည်။
ဆီးရီးယားအစိုးရနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု မချမှတ်နိုင်သေးပါက ယင်းဆွေးနွေးပွဲများသို့ တက်မည်မဟုတ်ကြောင်း al-Khatib က ပြောကြားခဲ့သည်။ ဗြိတိန်ကမူ ဆွေးနွေး ပွဲများကို သပိတ်မှောက်သည့် ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့ပြီး ယခုအချိန် မှာ ဆွေးနွေး ပွဲကို စွန့်လွှတ်ရမည့် အချိန်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သုံးနှစ်ထဲသို့ ချဉ်းနင်းဝင်ရောက်တော့မည့် ဆီးရီးယားပဋိပက္ခတွင်နိုင်ငံတကာက နှုတ်ဆိတ်နေမှုမှာ ယင်းပဋိပက္ခအတွင်း သေဆုံးထိခိုက်မှုများတွင် နိုင်ငံတကာကလည်း ပါဝင်နေသည့် သဘော သက်ရောက်ကြောင်း ဆီးရီးယားအတိုက်အခံတို့က ဖေဖော်ဝါရီ ၂၂ ရက်တွင် ကန့်ကွက်ပြောဆိုခဲ့ကြသည်။
ဆီးရီးယား အစိုးရကို လက်နက်များ ထောက်ပံ့နေသောရုရှား ခေါင်းဆောင်များသည် ကျင့်ဝတ် ပိုင်းနှင့် နိုင်ငံရေးအရ တာဝန်ရှိကြောင်း ဆီးရီးယားအတိုက်အခံများက အပြစ်တင်ခဲ့ကြသည်။
လက်နက်များ တပ်ဆင်ပေးရန် ဆီးရီးယား အတိုက်အခံများကုနိုင်ငံတကာသို့ ထပ်ခါတလဲလဲ တောင်းဆို ခဲ့ကြသော်လည်း အစွန်းရောက် အစ္စလာမ္မစ်များ၏ သြဇာကြီးထွားလာမည်ကို စိုးရိမ်နေသဖြင့် နိုင် ငံတကာက လက်နက်များ ထောက်ပံ့ပေးရန် တွန့်ဆုတ်နေကြသည်။
ဓာတ်ပုံ - ဆီးရီးယားနယ်စပ်အနီး ဇာတာရီဒုက္ခသည် စခန်းတွင် ဆီးရီးယား ဒုက္ခသည်များက နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ တုံ့ပြန်မှု မရှိမှုကို ကန့်ကွက် ဆန္ဒပြနေစဉ်
Ref:AFP
Eleven Media Group

No comments:
Post a Comment