Friday, February 08, 2013

ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ်စေရန် တရား သူကြီးများ ကျမ်း သစ္စာဆို

Friday, February 08, 2013
ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စု တရား လွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော်များ၊ ခရိုင် တရားရုံး များ၏ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် လာကြသော ခရိုင်တရား သူကြီး များနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှ တရားရေး အရာရှိများ၏ ကျမ်းသစ္စာ ဆိုပွဲတွင် တရားသူကြီး များသည် တရား စီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာရေးတွင် အဓိက တာဝန်ရှိ သူများဖြစ်ကြောင်း၊ ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ် စေရန် အတွက် တရား သူကြီးများအား ကျမ်းသစ္စာ ဆိုစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူအများ ယုံကြည်မျှော် လင့်နေသော အကျင့်သိက္ခာ၊ ပညာ၊ သမာဓိနှင့် ပြည့်စုံသော တရားသူကြီး ကောင်း များ ဖြစ်ပေါ် စေရေး အတွက် တရား သူကြီးများ ကျမ်းသစ္စာ ဆိုရန် လိုအပ် ပါ ကြောင်းဖြင့် ပြောကြား ခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ်က ဆက်လက် ပြောကြားရာတွင် ၁၉၄၇ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အဆင့် အမြင့်ဆုံး တရား လွှတ်တော်ချုပ်မှာ တာဝန် ထမ်းဆောင် ခဲ့ကြသည့် တရားသူကြီး များသည် ကျမ်းသစ္စာ ဆိုခဲ့ကြ သည်ကို လေ့လာ တွေ့ရှိရကြောင်း၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် တာဝန် ပေးအပ်ခြင်း ခံရသော ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး တရား လွှတ်တော်နှင့် ပြည်နယ်တရား လွှတ်တော်တို့တွင် တာဝန်ပေး အပ်ခြင်း ခံရသော တရားလွှတ်တော် တရားသူကြီး ချုပ်များနှင့် တရားလွှတ်တော် တရား သူကြီးများ အနေဖြင့် တရားသူကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးစဉ်က နိုင်ငံတော် သမ္မတနှင့် သက်ဆိုင် ရာ လွှတ်တော် အသီးသီးတွင် ကျမ်းသစ္စာ ဆိုခဲ့ကြပြီ ဖြစ်ကြောင်း၊ တရားရုံး အဆင့်ဆင့်တွင် တရား စီရင်ရေး ဆောင်ရွက်လျက် ရှိကြသော တရား သူကြီးများသည် ကျမ်းသစ္စာပါ အတိုင်း တစ်သဝေ မတိမ်း လိုက်နာကြပြီး တရားစီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာရေး၊ ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး စနစ် ဖြစ်ပေါ်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ် ပါကြောင်းဖြင့် ပြောကြားသည်။

ယနေ့ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် ခရိုင် တရားသူကြီး ၆၈ဦး၊ပြည်ထောင်စု တရား လွှတ်တော် ချုပ်မှ တရားရေး အရာရှိ ၆၃ဦး စုစုပေါင်း ၁၃၁ ဦးတို့က ပြည်ထောင်စု တရား သူကြီးချုပ်၏ ရှေ့မှောက်၌ ကျမ်းသစ္စာ ဆိုကြကြောင်း သိရ သည်။


http://bit.ly/XrZPZG
မြ၀တီ

No comments: