Tuesday, March 12, 2013
ရန်ကုန်၊မတ် ၁၂။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ထုတ်ပြန်လိုက်သော အ စီ ရင်ခံစာကို မကျေနပ် လျှင်ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆို သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့ လွှတ်တော် နားချိန်တွင် လက်ပံတောင်းတောင် အရေးဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားေ ကြာင်း သိရသည်။ ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့်သည် ဟူသော အချက်နှင့် လက်ပံတောင်းတောင်စီမံကိန်း ကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက် ကို ဒေသ ခံပြည်သူလူထုက လက်မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန်အစီအစဉ် မရှိဘဲ ရှေ့ဆက် လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှခေါင်းဆောင်များနှင့် တိုင်ပင်လျက်ရှိကြောင်း ကိုဟန်ဝင်းအောင် ကမြန်မာ့ခေတ်သို့ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကအချက် အလက်ရှာတာတရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာကိုပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။ သူပြောချင်တာ က သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေမနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့စိတ်စေတနာကို နားလည်ပါတယ်။ စုံစမ်း စစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင် က ပြောကြားသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာစီမံကိန်းကို ဆက်လက် လုပ်ဆောင် သင့်ကြောင်း ဆုံးဖြတ်လိုက်ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့်ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့်ဝမ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကို ထုတ်ပြန်ကာဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေး လိုက်သော ဆုံးဖြတ်ချက်ဖြစ်သဖြင့် ဒေ သခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီး သည့်နောက် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းတို့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်း ကပ်နေပြီး ဒေသခံလူထုဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှမပါဝင်ကြောင်း တုံရွာ သပိတ်စခန်းမှ ကိုသားကြီးကပြောကြားသည်
မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာသူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီးမေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာ ပါပါ။ ဒေသ ခံတွေနဲ့တွေ့ဖို့ မဟုတ်ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက် ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင် ကပြောကြားသည်။
“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေ တဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေးတာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာ မစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိကမိန့်ကြားသည်။
ဆုဝေ
The Myanma Age

No comments:
Post a Comment