Tuesday, March 12, 2013

ရခိုင်စာကို ရခိုင်တိုင်းရင်းသားတို့ သင်ခွင့်ရတော့မည်

 Tuesday, March 12, 2013
နှစ်ပေါင်းနှစ်ရာကျော် ကာလအတွင်း သင်ကြား ခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာ သင်နှစ်တွင် ရခိုင်ပြည်နယ် အစိုးရကျောင်းများ၌ တရား ဝင် ပြဋ္ဌာန်း သင်ကြားတော့မည် ဖြစ်ကြောင်း ရခိုင်စာ သင်ရိုး ညွှန်းတမ်း ပြု စုရေး ကော်မတီမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။ မတ်လ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ရှိ ၁၇ မြို့နယ်မှ သမိုင်းသုတေသီများ၊ စာပေပညာ ရှင်များနှင့် အစိုးရအဖွဲ့က ဆွေးနွေး ညှိနှိုင်းပြီး ရခိုင်စာသင်ရိုးညွှန်းတမ်း ပြုစုရေး ကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းကို ရေးသားပြုစုကာ လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်းရှိ အထက ကျောင်း များ၌ စတင်သင်ကြားတော့မည်ဟု ဆိုသည်။



“ပြည်ထောင်စု အစိုးရက ဒီနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ရခိုင်စာ သင်ကြားဖို့ ညွှန်ကြားလာတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ကျနော်တို့ သင်ရိုးညွှန်း တမ်း ရေးဆွဲနေပါတယ်။ အောက်ခြေက စလို့ အတန်း ၃ တန်း ရေးဆွဲတဲ့နေရာမှာ အခုဆို အခြေခံအကျဆုံး သူငယ်တန်းကို ရေးဆွဲပြီးနေပါပြီ” ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင် က ပြောသည်။

သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် ရခိုင်အက္ခရာအဖြစ် ယနေ့အသုံးပြုနေ ကြသောမန် မာအက္ခရာနှင့် တူသည့် မြောက်ဦးခေတ်နှောင်းသုံး အက္ခရာကို သုံးပြီး ဝေါဟာရများမှာ ရခိုင်ပြည်နယ် တဝှမ်းလုံးတွင် တူညီသော အသုံး များကို ပင်တိုင်ထား၍ ကွဲပြားမှုများကို ညှိနှိုင်းထည့်သွင်း အသုံးပြုထားကြောင်း သိ ရသည်။

“မူလတန်းဆိုတော့ အထူးသတိထား လုပ်ဆောင်ရတယ်။ အက္ခရာအသုံး ထက် အသံထွက် သရအသုံးမှာ ဒေသအလိုက် ကွဲပြားမှုတွေ တွေ့ရတယ်။ ပညာရှင်တွေ အချင်းချင်း အကြိတ် အနယ် ဆွေးနွေးရတာလည်း ရှိ တယ်။ နှစ်ပေါင်း ၂၂၈ နှစ်တောင် ကင်းကွာနေလေတော့ ပြုစုတဲ့နေရာမှာ အမှားအမှန်တော့ ရှိမယ်။ အမှားပါလာရင် ဝေဖန်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် ရခိုင်စာပေ ပြန်လည် ရှင်သန်ရေးအတွက် ခေါင်းခံပြီး မကြောက်မရွံ့ဆက် လုပ် သွားကြဖို့ ကျနော်တို့အားလုံး ဆုံးဖြတ် ထားကြတယ်” ဟု သင်ရိုးညွှန်း တမ်းပြုစုရေး ကော်မတီဝင် တဦးက ဆိုသည်။

နှစ်ပေါင်းများစွာ ကင်းကွာလာခဲ့ရသည်နှင့်အမျှ မူလစာပေ အသွင်သဏ္ဍာန် ကို ရုပ်လုံး ဖော်ရာတွင် အချိန်တိုအတွင်း ပြီးပြည့်စုံရန် မလွယ်ကူသဖြင့် အချိန်ယူ၍ ဖြည့်စွက်ပြင်ဆင်သွားရမည်ဟု ကော်မတီဝင် ဆရာတော် ဦးကောသလ္လ(ဂဝေသီ)က မိန့်ကြားသည်။

“အခုပြဋ္ဌာန်းချက်တွေက ပြီးပြည့်စုံတဲ့ ပြဋ္ဌာန်းချက်တော့ မဟုတ်သေးဘူး။ ရခိုင်စာပေ သင်ကြားရေး ပထမခြေလှမ်း အဆင့်ပဲ ရှိသေးတယ်။ ရခိုင်ဒေသ မှာ မတူကွဲပြားတဲ့ စကားသံတွေ၊ များပြား လှတဲ့ ဝေါဟာရတွေ ရှိနေတာမို့ အချိန်ယူ ဖြည်းဆည်းဆောင်ရွက်သွားဖို့ လိုတယ်။ သုတေသန ပိုင်းမှာလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲတွေကို ဘေးဖယ်ပြီး မျှမျှ တတ ဆောင်ရွက်သွားရင် ပြီးပြည့်စုံတဲ့ ရခိုင်စာပေသင်ကြားရေး စနစ်တခု ဖြစ်ထွန်းလာမှာပါ” ဟု အမိန့်ရှိသည်။

သတ်မှတ်ထားသည့် အတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းများ ကို ရေး ဆွဲပြီးစီးပါက ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီးမှ တဆင့် ပြည်ထောင်စု အစိုး ရ ထံ တင်ပြကာ လိုအပ်သော ကျောင်းသုံး စာအုပ်များကို ဧပြီနှင့်မေလတွင် အပြီးရိုက်နှိပ်ကာ သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေလျက် ဇွန်လမှစ၍ သင်ကြားတော့မည်ဟု သိရသည်။

“ရခိုင်စာ သင်ကြားတဲ့အခါ မသင်မနေရစနစ်တော့ မဟုတ်ဘူး။ နောက် ပြီးတော့ ကျောင်း ချိန်ပြင်ပ စာသင်ခန်းမှာပဲ သင်ရမယ်။ ရခိုင်စာ သင်ယူမယ့် ကလေး အယောက် ၃၀ ပြည့်ရင် ဆရာတဦးကို သီးသန့် ငှါးပေးမယ်။ အစိုးရ က အဲဒီဆရာကို လစာပေးထားမယ်။ စာအုပ်တွေကို ရခိုင်မှာပဲ ပုံနှိပ်မယ်။ လာ မယ့်ပညာသင်နှစ်အတွက် အုပ်ရေ တသောင်း ရိုက်မယ်” ဟု ဦးဇော်ဝင်းနိုင် က ပြောသည်။

ပြည်နယ်အစိုးရက ဖွဲ့ပေးသော ရခိုင်သမိုင်းသုတေသီ၊ စာရေးဆရာ ၂၇ ဦးပါ ရခိုင်စာ သင်ရိုးညွှန်း တမ်း ပြုစုရေး ကော်မတီသည် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခဲ့ရာ သူငယ်တန်းအတွက် ပြီးစီးခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ပထမတန်းနှင့် ဒုတိယတန်း တို့ကို တလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

Mizzima

No comments: