Thursday, June 27, 2013

ကမ္ဘာကျော် CNN သတင်းဌာန

Thursday, 27 June 2013


CNN သတင်းဌာန၏ အရှည်မှာ Cable New Network ဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်တွင် အမေရိကန် မီဒီယာ သူဌေးကြီး တက်တာနာက စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ စတင် ထုတ်လွှင့်ချိန်မှ စ၍ CNN သတင်းဌာနသည် ၂၄ နာရီ ပတ်လုံး ထုတ်လွှင့်နိုင်သည့် ပထမဆုံးရုပ်မြင်သံကြားသတင်းဌာန ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး သတင်းများ သာထုတ်လွှင့်သော ရုပ်မြင် သံကြားလိုင်းလည်း ဖြစ်သည်။ CNN သည် မူလကပင် ၄င်း၏ ဌာနချုပ်များကို ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့၊ နယူးယောက် မြို့၊ ဝါရှင်တန်ဒီစီနှင့် လော့စ်အိန် ဂျလိစ်မြို့တို့တွင် ထားရှိသည်။


CNN သည် အမေရိကန် ပြည်ထောင်စုတွင် ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လမှစ၍ လူဦးရေသန်း ၁ဝဝ ကျော်အတွက် ထုတ်လွှင့်ပေးလျက် ရှိသည်။ ကမ္ဘာ တစ်ဝန်းလုံးတွင် CNN နိုင်ငံတကာ ရုပ်သံလိုင်းကို နိုင်ငံနှင့် ဒေသပေါင်း ၂၁၁ ခုတွင် ထုတ်လွှင့်လျက် ရှိသည်။ ၂ဝ၁ဝ ပြည့်နှစ် နှောင်းပိုင်းမှ စ၍ အမေရိကန် နိုင်ငံတွင် ထုတ်လွှင့်သော CNN ရုပ်သံလိုင်းကို HD စနစ်ဖြင့်ပြောင်းလဲ၍ ရုပ်သံကြည်လင် ပြတ်သားစွာဖြင့် ထုတ်လွှင့် နိုင်ခဲ့သည်။

CNN မှ ထုတ်လွှင့်သော အဓိက ကမ္ဘာ့ဖြစ်စဉ်များ

CNN သတင်းဌာနသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားသော အဓိက ဖြစ်စဉ်ကြီးများ အားလုံးကို တိုက်ရိုက် ထုတ်လွှင့်ပေးလျက် ရှိရာ ပထမဦးဆုံး အနေဖြင့် ၁၉၈၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ဖြစ်ပွား ခဲ့သော ချယ်လင်ဂျာ အာကာသယာဉ် လွှတ်တင်မှုနှင့် မကြာခင်မှာပင် ပေါက်ကွဲသွားမှု တို့ကို တိုက်ရိုက် ထုတ်လွှင့် နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ် အောက်တိုဘာ ၁၄ ရက်ကဖြစ်ပွား ခဲ့သော အမေရိကန် လူမျိုး အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်ကလေး ဂျက်စီကာ မက်ကလူး သည် တက္ကဆက် ပြည်နယ် မစ်ဒ်လန်းရှိ ရေတွင်း တစ်တွင်းထဲသို့ ပြုတ်ကျသွားသည့် ဖြစ်စဉ်ကို CNN က အလျင်အမြန် သွားရောက်ရိုက်ကူး နိုင်ခဲ့သည်။

၁၉၉၁ ခုနှစ်က ဖြစ်ပွားခဲ့သော ပါရှန်ပင်လယ်ကွေ့ ပထမစစ်ပွဲကိုလည်း CNN ရုပ်မြင် သံကြားဌာနက ရိုက်ကူးနိုင်ခဲ့သည်။ CNN သတင်းဌာနသည် အီရတ်နိုင်ငံတွင် ဝင်ရောက်၍ မဟာ မိတ်တပ်ဖွဲ့ ၏ ဗုံးကြဲ တိုက်ခိုက်မှုများကို စွန့်စွန့် စားစားတိုက် ရိုက်ထုတ် လွှင့်နိုင်ခဲ့ သည်။ CNN အနေဖြင့် စက်တင်ဘာ ၁၁ ရက်က တိုက်ခိုက်မှုကို တိုက်ရိုက် ထုတ်လွှင့်နိုင် သော ပထမဆုံး ကေဘယ် သတင်း ရုပ်သံလိုင်းပင် ဖြစ်သည်။ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟို ဌာနကို အကြမ်းဖက် သမားများက ဝင်ရောက် တိုက်ခိုက်မှုကိုလည်း အစီအစဉ် တင်ဆက်သူ များဖြစ်သည့် ဒါရင်းကာဂန်နှင့် လီယွန်ဟဲရစ်တို့က တိုက်ရိုက် ထုတ်လွှင့် နိုင်ခဲ့သည်။ ထို့အပြင် ၂ဝဝ၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြို သမ္မတလောင်းများ စကားစစ်ထိုးပွဲနှင့် ၂ဝ၁၂ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၊ စကားစစ်ထိုး ပွဲများကိုလည်း တိုက်ရိုက် ထုတ်လွှင့် နိုင်ခဲ့ရာ ကြည့်ရှုသူ ၁ ဒသမ ၁ သန်းရှိခဲ့သည်။

CNN တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများနှင့် စီစဉ် တင်ဆက်သူများ

CNN ဥက္ကဋ္ဌဖြစ်သူ ဂျင်မ်ဝေါ်တန်သည် နှစ်ပေါင်း ၃ဝ ကြာ တာဝန် ထမ်းဆောင်ပြီးနောက် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် တာဝန်က အနားယူ သွားခဲ့သည်။ သို့သော် ၂ဝ၁၂ ခုနှစ် နှစ်ကုန် အထိ ဆက်လက် တာဝန်ထမ်းဆောင် သွားခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် NBC Universal ဥက္ကဋ္ဌဟောင်း ဂျက်ဖ်ဇူကာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ CNN သတင်းဌာနတွင်နိုင်ငံရေး လေ့လာဆန်းစစ်သူများ၊ သတင်း ကြေညာသူများ၊ သတင်းထောက်များနှင့် မိုးလေဝသကျွမ်းကျင်သူများလည်း တာဝန် ထမ်းဆောင်လျက် ရှိကြသည်။

CNN သတင်းဌာနတွင် ထင်ရှားသော စီစဉ် တင်ဆက်သူများမှာ ခရစ္စတီယန် အာမန်ပူဝါ၊ မော်နီ တာရာ့ဂ်ျပါး၊ အန်ဒါဆင် ကူးပါးနှင့် ရာလစ်ဆာ ဗစ်ဆယ်လီဗာ စသူတို့ ဖြစ်ကြသည်။

အခြားသော လုပ်ငန်းများ

CNN သတင်းဌာနသည် ၁၉၉၅ ခုနှစ် သြဂုတ် ၃ဝ ရက်မှစ၍ CNN.com အမည်ဖြင့် သတင်း ဝက်ဘ်ဆိုက် တစ်ခုကို စတင်ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ဝက်ဘ် ဆိုက်သည် ကမ္ဘာပေါ်တွင် ရေပန်းစား လူကြိုက်များသော သတင်း ဝက်ဘ်ဆိုက် တစ်ခုဖြစ်ပြီး ပထမဆုံး စတင်ထုတ် လွှင့်ချိန်တွင် စိတ်ဝင်စားသူများပြားခဲ့သည်။ CNN Films သည် ၂ဝ၁၂ ခုနှစ် အောက်တို ဘာလတွင် ထူထောင် ခဲ့ခြင်း ဖြစ်ပြီး ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်သော ဌာနတစ်ခု ဖြစ်သည်။ CNN သည် ချီလီ၊ စပိန်၊ တူရကီ၊ အိန္ဒိယ၊ ဂျပန်၊ ဂျာမနီ စသောဘာသာ စကား များဖြင့်လည်း ထုတ်လွှင့်လျက်ရှိသည်။

CNN သည် အမေရိကန် ပြည်ထောင်စုရှိ ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက် စသည့် မြို့ကြီးပေါင်း ၂ဝ တွင် ရုံးခွဲများထားရှိပြီး လန်ဒန်၊ ဟောင်ကောင်၊ တိုကျို၊ မော်စကို၊ ပီကင်း၊ ဗန်ကောက်နှင့် အဘူဒါဘီ စသည့် ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပေါင်း ၃ဝ ကျော်တွင် ဒေသဆိုင်ရာ ရုံးခွဲများ ဖွင့်လှစ် ထားရှိခဲ့သည်။ ဥရောပ ဒေ သဆိုင်ရာ ဌာနချုပ်မှာ လန်ဒန်မြို့တွင် တည်ရှိပြီး အာရှပစိဖိတ်ဌာနချုပ်မှာ ဟောင်ကောင်တွင် တည်ရှိကာ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာဌာနချုပ်မှာမူ ယူအေအီးနိုင်ငံ အဘူဒါဘီတွင် တည်ရှိသည်။

CNN အင်တာ နေရှင်နယ်

CNN အင်တာ နေရှင်နယ်(CNNI) သည် CNN ၏ အင်္ဂလိပ်ဘာသာ စကားဖြင့်ထုတ်လွှင့်သောပထမဆုံး ရုပ်သံလိုင်းဖြစ်ပြီး သတင်းများ၊ လတ်တလောဖြစ်ရပ်များ၊ နိုင်ငံရေး၊ အားကစား၊ အတွေးအမြင်၊ သတင်း မှတ်တမ်းနှင့် စီးပွားရေးအစီအစဉ်များကို ကမ္ဘာတစ်ဝန်း ထုတ်လွှင့်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးမား ဆုံး သတင်းလုပ်ငန်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ CNN ၏ ဆောင်ပုဒ်များမှာ နယ်နိမိတ်များကို ကျော်ဖြတ် ၍ (Go Beyond Borders)၊ ကမ္ဘာ့သတင်း ဦးသျှောင် (The World's News Leader)နှင့်သတင်းကဏ္ဍတွင် ယုံကြည်စိတ်ချရမှုအရှိဆုံး Trusted Name in News) တို့ဖြစ်သည်။

မြ၀တီ

No comments: