Sunday, June 30, 2013

အလိုအလျောက် ကားပါကင်ထိုးနိုင်မည့် Volvo နည်းပညာသစ်


Sunday, 30 June 2013









 
Volvo မော်တော်ကား ကုမ္ပဏီသည် အလိုအလျောက် ကားပါကင် ထိုးနိုင်မည့် နည်းပညာတစ်ရပ်ကို စမ်းသပ်တီထွင်လျှက်ရှိပြီး အထိုက်အလျောက် အောင်မြင်မှုရရှိနေကြောင်းသိရှိရသည်။ အဆိုပါ နည်းပညာ အရ ယာဉ်မောင်း မပါဘဲနှင့် မော်တော်ကားသည် အလိုအလျောက် ယာဉ်ရပ်နားမည့် နေရာကို ရှာဖွေကာ ပါကင်ထိုးနိုင်မည်ဟု ဆိုသည်။

Volvoသည် အလိုအလျောက် မောင်းနှင်စနစ်နှင့် အာရုံခံ နည်းပညာတို့ကို ပေါင်းစပ်ပြီး လူမပါဘဲ ပါကင် ထိုးပေးမည့် အစီအစဉ်ကို လက်တွေ့ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ဆွီဒင် ကားကုမ္ပဏီကြီးက တာဝန်ယူ လုပ်ဆောင်နေသော နည်းပညာအရ ကျဉ်းမြောင်းသည့် နေရာလွတ်တွင်ပင် အဆင် ပြေပြေ အလိုအလျောက် ပါကင်ထိုးနိုင်မည်ရန် စိတ်ကူးပုံဖော်လျှက်ရှိသည်။

Volvoသည် ယာဉ်မောင်းများတွင် တွေ့ကြုံရတတ်သည့် ပါကင်ပြဿနာကို ဖြေရှင်းရန် ယခုနည်းပညာကို တီထွင်လာခြင်း ဖြစ်သည်။ လူတစ်ဦးသည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက် မိမိဦးတည်သည့် ဆိုင်ခန်းဖြစ်စေ၊ အိမ်ခန်းဖြစ်စေ၊ အလုပ်ခွင်ကိုဖြစ်စေ သွားရောက်ပြီးနောက်မော်တော်ကားကမူ ပါကင်နေရာသို့ အလို အလျောက် သွားရောက်ကာ နေရာလွတ်တွင် အဆင်ပြေပြေ ဝင်ရောက် ရပ်တန့်သွားမည် ဖြစ်သည်။

ယင်းကဲ့သို့ ပါကင်ထိုးရာတွင် နံဘေးဝန်းကျင်ရှိ ကားများကို ထိခိုက်မှု မရှိအောင် လုံခြုံစွာ၊ချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်မည်ဟုလည်း သိရသည်။ Volvoက ယာဉ်ပိုင်ရှင်သည် အဆိုပါ စနစ်ကိုစတင်သက်ဝင် စေရန်အတွက် မိမိ၏ စမတ်ဖုန်းဖြင့်ပင် ခိုင်းစေ ညွှန်ကြားနိုင်အောင် ဖန်တီးထားကြောင်း ဆိုသည်။ Volvo သည် အလိုအလျောက် ပါကင်ထိုးသည့် စနစ်ကို ယခုသီတင်းပတ်အတွင်း အတည်ပြု စမ်းသပ်ရန် စီစဉ် ထားသည်။

"ယာဉ်မောင်းက ကားအပြင်ကိုထွက်ပြီးတာနဲ့ မော်တော်ကားက ပါကင်နေရာမှာ သွားရပ်မယ်။ ယာဉ်မောင်း ပြန်ထွက်လာရင် ပထမ ရပ်ထားတဲ့ နေရာမှာ ကားက အလိုလို လာကြိုပါမယ်"ဟု Volvo၏ အကြီးတန်း လုံခြုံရေး အကြံပေး အရာရှိ သောမတ်စ် ဘရိုဘာ့ဂ်က ပြောကြားခဲ့သည်။

မော်တော်ကားတွင် တပ်ဆင်ထားမည့် အာရုံခံစနစ်သည် ကားနှင့်ပတ်ဝန်းကျင် ပါကင်နေရာအကျယ်အဝန်း တို့ကြား အကွာအဝေး ခြားနားချက်ကို တွက်ချက်သိရှိနိုင်သည်။ Volvoသည် (၂၀၁၄) နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်ရောင်းချမည့် Volvo XC90 မော်ဒယ်လ် မော်တော်ကားများတွင် အလိုအလျောက် ထိန်းချုပ်စနစ် ကို စတင်ထည့်သွင်းပေးရန်လည်း စီစဉ်နေကြောင်း သိရှိရသည်။

Planet Myanmar Network

No comments: